မဲခေါင်၊ ဖေဖော်ဝါရီ ၅
ကျားဖြန့်လုပ်ငန်းများရှိသည်ဟု နာမည်ကြီးနေသည့် တာချီလိတ်မြို့၊ ရောင်နီဦးဝန်းကပ်လျက်ရှိ အဆောက်အဦတွင် တရားမဝင်တရုတ်နိုင်ငံသား ၁၅၆ ဦးကို ဖေဖော်ဝါရီလ ၄ ရက်က ဖမ်းမိသော်လည်း ၁၀ ဦးကို ကျားဖြန့်ပြင်ပဆက်ဆံရေးတာဝန်ခံများဖြစ်သည့် အောင်အောင်နှင့် အားကွမ်းတို့က လာဘ်ငွေများစွာပေးပြီး ပြန်ထုတ်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
ပြန်ထုတ်သွားသူများမှာ ကျားဖြန့်လုပ်ငန်းခေါင်းဆောင်ပိုင်းဟု ယူဆရပြီး တစ်ဦးလျှင် ဘတ်သန်းချီ လာဘ်ပေးကာ ထုတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“၁၀ ယောက်ပျောက်သွားတယ်လို့ သိရတယ်။ အတိအကျပဲ။ အရေးကြီးတဲ့လူတွေမို့လို့ ခေါ်ထုတ်သွားတာပေါ့။ အောင်အောင်နဲ့ အားကွမ်း ခေါ်ထုတ်သွားတယ်လို့ သိရတယ်။ ပိုင်ရာဆိုင်ရာရှိလို့ပေါ့” ဟု ၎င်းက ပြောသည်။
ယဖုဖမ်းမိသည့် တရုတ်များမှာ ရောင်နီဦးဝန်းအတွင်းရှိ ကျားဖြန့်လုပ်ငန်းများမှ နေရာပြောင်းရွှေ့ထားသည့် တရုတ်များဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများကပြောသည်။
လတ်တလောတွင် ဖမ်းဆီးရမိသည့် တရားမဝင်တရုတ်နိုင်ငံသားများကို စိစစ်နေဆဲဖြစ်ပြီး မည်သည့်အမှုဖွင့် တရားစွဲမည်ကို မသိရသေးကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
#MeKongNews
#တာချီလိတ်
#တရားမဝင်တရုတ်နိုင်ငံသား
#ကျားဖြန့်
#ရောင်နီဦး








