မဲခေါင်၊ ဖေဖော်ဝါရီ ၄
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှ ဒေသခံအရာရှိတစ်ဦး အကျင့်ပျက်ခြစားသည် ဆိုသောသတင်းကို ရေးသား တင်ပြခဲ့ပြီးနောက် ထင်ရှားသော စုံစမ်းထောက်လှမ်း သတင်းထောက် တစ်ဦး အပါအဝင် လွတ်လပ်သော တရုတ် ဂျာနယ်လစ်နှစ်ဦး ထိန်းသိမ်းခံရမှုကို နယ်စည်းမထား သတင်းထောက်များအဖွဲ့ – RSF က ရှုတ်ချလိုက်သည်။
လွန်ခဲ့သော ၁၀ နှစ်က နာမည်ကျော် ပုဂ္ဂိုလ်များကြား အကျင့်ပျက်ခြစားမှုကို ဖော်ထုတ်ခဲ့၍ တရုတ်နိုင်ငံတွင် အသိအမှတ်ပြုမှု ရခဲ့သူ လျူဟူ နှင့် ဝူယင်ကျားအို တို့သည် တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထိန်းသိမ်းခံခဲ့ရသည်ဟု ပါရီမြို့အခြေစိုက် RSF အဖွဲ့က ပြောသည်။
‘လျူ’ ဟု အမည်ရ အသက် ၅၀ အရွယ်အမျိုးသားတစ်ဦး၊ ‘ဝူ’ ဆိုသော အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် အခြားလူများကို မှားယွင်းသော စွပ်စွဲချက်များနှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း သံသယမှု ဖြင့် စုံစမ်းစစ်ဆေးနေသည်ဟု စီချွမ်ပြည်နယ်မြို့တော် ချန်ဒူးရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ထိန်းသိမ်းခံထားရသူများ၏ မျိုးရိုးနာမည်များကိုသာ အာဏာပိုင်များက ထုတ်ပြန်ထားသော်လည်း တရုတ်မီဒီယာ အများအပြားနှင့် RSF တို့က လျူဟူ နှင့် ဝူယင်ကျားအိုတို့ ဖြစ်ကြောင်း ဖော်ထုတ်ထားသည်။
စီချွမ်ပြည်နယ်၊ ပူကျန်းစီရင်စုမှ ကွန်မြူနစ်ပါတီ အတွင်းရေးမှူး ပူဖေယူး ပါဝင် ပတ်သက်နေသော အကျင့်ပျက်ခြ စားမှုကို လေ့လာဆန်းစစ်ထားသော သတင်းတစ်ပုဒ်ကို ဂျာနယ်လစ် ၂ ဦးက ပူးတွဲရေးသား၍ လူမှုမီဒီယာပလက် ဖောင်း WeChat ပေါ်တွင် ဇန်နဝါရီ ၂၉ ရက်က ရေးသားဖြန့်ချိခဲ့ပြီးနောက် ၎င်းတို့အား ဖမ်းဆီးမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
သတင်းအတွက် မှတ်ချက်ရယူရန် မစ္စတာပူ အား ချက်ခြင်းဆက်သွယ်၍ မရခဲ့ဟု ၎င်းတို့သတင်းက ဖော်ပြသည်။
ဂျာနယ်လစ်များ၏ သတင်းကိုလည်း WeChat ပေါ်မှ ဖျက်ပစ်လိုက်ပြီဖြစ်ကာ အကဲဆတ်သော အစိုးရဆိုင်ရာ ဖော်ထုတ်မှုများနှင့် ပတ်သက်၍ လုပ်နေကျ ပုံစံဖြစ်သည်။
ယုံကြည်စိတ်ချရသော သတင်းထောက်များကို ပစ်မှတ်ထားသည့် အခြေအနေ ဖန်တီးပေးသည့် ပုံမှန် ဆက်ဆံရေးမျိုးထက် တရုတ်အစိုးရအပေါ် ဖိအားပေးရန် မိမိတို့က တိုက်တွန်းကြောင်း RSF ၏ အာရှ – ပစိဖိတ်ရေးရာ မန်နေဂျာ အလက်ဆန်ဒရာဘီလာကော်စကာက ဆိုသည်။
၎င်းတို့အဖွဲ့၏ ၂၀၂၅ စာနယ်ဇင်းလွတ်လပ်ခွင့် ညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ အနက် တရုတ်က ၁၇၈ နေရာတွင် ရှိသည်။
ယင်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ရိုက်တာ၏ တောင်းဆိုမှုကို ချန်ဒူးမြို့ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ချက်ချင်းမတုံ့ပြန်ခဲ့ဟု ဆိုသည်။
အေးကျော်
Ref: Reuters
#MeKongnews
#ခြစားမှုသတင်း
#တရုတ်ဂျာနယ်လစ်များ
#ဖမ်းဆီးခံရ
#RSF
#ရှုတ်ချ








