မဲခေါင်၊ ဖေဖော်ဝါရီ ၁
ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီ ၈ ရက်ရွေးကောက်ပွဲမတိုင်မီ တစ်ပတ်အလို ယနေ့တွင် တစ်နိုင်ငံလုံး၌ ကြိုတင်မဲ ပေးမှုစတင်ခဲ့ပြီး မဲရုံအများအပြားတွင် မဲလာပေးသူ များပြားခဲ့သည်။
အထူးသဖြင့် လူငယ်နှင့် သက်လတ်ပိုင်းများ မဲပေးမှုများခဲ့ကြောင်း သိရသည်။
ကြိုတင်မဲပေးနိုင်ရန် မဲရုံများကို နံနက် ၈ နာရီ မှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ခဲ့ရာ မြို့တော်ဘန်ကောက်၌ မဲပေးသူ အများအပြားက နံနက် ၈ နာရီ မတိုင်မီကပင် မဲရုံသို့ ရောက်ရှိနေခဲ့ကြသည်။
ထိုသို့ စောစော မဲလာပေးသူများကို ဘန်ဆူခရိုင်ရုံးနှင့် ဒင်ဒန်း ထိုင်း – ဂျပန်လူငယ်စင်တာတို့၌ မြင်တွေ့ရပြီး ဘန်ဆူးခရိုင်ရုံးတွင် ကြိုတင်မဲ လာပေးသူများမှာ မီတာ ၄၀၀ ခန့်အထိ ရှည်လျားကြောင်း သတင်းကဖော်ပြသည်။
မငြိမ်မသက်မှုများ ရှိသော တောင်ပိုင်း ပဌာနီပြည်နယ်တွင် စစ်တပ်မိသားစုဝင်များ အပါအဝင် မဲပေးခွင့်ရှိသူ ၈ ထောင်ခန့်က ကြိုတင်မဲပေးရန် စာရင်းပေးထားကြသည်။
မဲရုံများ အနီးတဝိုက်တွင်လည်း လုံခြုံရေး တင်းကျပ်ထားကာ တပ်ဖွဲ့များ အသုံးပြုမည့် လမ်းကြောင်းများကိုလည်း လုံခြုံရေး ယူထားကြသည်။
ကြိုတင်မဲပေးရန် စာရင်းသွင်းထားသူများ အားလုံး ၎င်းတို့၏ မဲပေးပိုင်ခွင့်ကို ကျင့်သုံးကြရန် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ နာရောင်ကလန်ဝါရင်က တိုက်တွန်းထားကာ ရွေးကောက်ပွဲ အရာရှိများကလည်း ၎င်းတို့၏တာဝန် ကျေပွန်စေရန် ပြင်ဆင်ထားသည်ဟု ပြောသည်။
မဲပေးမည့်သူများ အနေဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူးရေးရုံး ဝက်ဘ်ဆိုက်သို့ ဝင်ရောက်၍ ကြိုတင်မဲ အမည်စာရင်းသို့သွားကာ မိမိတို့နာမည်နှင့် မဲပေးရမည့်မဲရုံ ရှာဖွေနိုင်သည်။
ထို့အတူ ရွေးကောက်ပွဲ ကော်မရှင်ရုံး ဝက်ဘ်ဆိုက်သို့ ဝင်ကာ ရွေးကောက်ပွဲ ယှဉ်ပြိုင်သူ အရေအတွက်ကို ကြည့်ရှုနိုင်ကြ သည်။
ပြည်ပရောက် ထိုင်းနိုင်ငံသား ၁၃၉၅၃၅ ဦးအပါအဝင် လူပေါင်း ၂ ဒသမ ၄ သန်းက ကြိုတင်မဲပေးရန် စာရင်း ပေးထားကြောင်း သိရသည်။
ကြိုတင်မဲပေးသူများသည် ဖေဖော်ဝါရီ ၈ ရက်တွင်လည်း မဲရုံများသို့ သွားရောက်ရန် လိုအပ်ပြီး ယခု ရွေးကောက်ပွဲနှင့်အတူ ပူးတွဲကျင်းပသည့် နိုင်ငံ၌ အခြေခံဥပဒေသစ်တစ်ရပ် ရှိသင့်သည်လားဟု မေးမြန်းထားသည့် လူထုဆန္ဒခံယူပွဲတွင် မဲပေးရန်ဖြစ်ကြောင်း သိရသည်။
အေးကျော်
Ref: Thai pbs
#MeKongNews
#ထိုင်းရွေးကောက်ပွဲ
#ကြိုတင်မဲ
#မဲပေးသူ
#များပြား








