မဲခေါင်၊ ဇန်နဝါရီ ၂၆
ဇန်နဝါရီ ၃ ရက်က ဗင်နီဇွဲလားမြို့တော်၊ ကာရာကက်စ်ရှိ အစောင့်အကြပ်များစွာ ချထားသော သမ္မတအိမ်တော်သို့ အမေရိကန် ဒရုန်းနှင့် လေယာဉ်များစွာ ဝင်ရောက်ကာ လွယ်လင့်တကူ ဖမ်ဆီးသွားမှုတွင် လျှို့ဝှက် လက်နက်ဆန်း ဖြစ်သော The Discombobulator ကို အသုံးပြုကာ စစ်သည်တစ်ဦးမှ သေဆုံး ဒဏ်ရာရခြင်း မရှိဘဲ ဗင်နီဇွဲလား သမ္မတ မာဒူရိုကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပထမဆုံးအကြိမ် ထုတ်ပြန် ပြောဆိုခဲ့သည်။
ကာရာကက်စ်မြို့ရှိ လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ ဒုံးကျည်များ၊ စစ်အခြေစိုက်စခန်းများ မီးလောင် ပေါက်ကွဲမှုများဖြစ်ကာ နောက်ဆုံး အမေရိကန် အထူးစစ်သည် ၂၀ ဝန်းကျင်သာပါသည့် ရဟတ်ယာဉ် ၈ စီးဖြင့် မာဒူရိုကို ဝင်ဖမ်းသွားခဲ့ခြင်း ဖြစ်သည်။
The Discombobulator လက်နက်ဆန်းနှင့် ပတ်သက်ပြီး “ ရန်သူ လက်နက်နဲ့စနစ်တွေ ဘာမှ မလုပ်နိုင်စေတဲ့ လက်နက်ပါ။ ဒီအကြောင်း ဘယ်သူ့ကိုမှ ပြောခွင့် မပြုထားဘူး။ ဗင်နီဇွဲလားမှာ တရုတ်နဲ့ ရုရှားထုတ် ဒုံးကျည်တွေ ရှိပေမယ့် တစ်လုံးမှ ပစ်ခတ်နိုင်စွမ်း မရှိခဲ့ဘူးလေ။ ကြိုက်သလောက် ခလုတ်နှိပ် အလုပ်မလုပ်တော့ဘူး” ဟု ဘဲဥပုံ ရုံးခန်းတွင် ဒေါ်နယ်ထရမ့်က ပြောခဲ့သည်။
ယင်းစစ်ဆင်ရေးတွင် ရှိသည့်လက်နက်များဖြင့် မည်သို့မျှ မပစ်ခတ်နိုင်ခဲ့ဘဲ ဒရုန်းနှင့် လေယာဉ်များစွာ ဝင်လာပြီး ဘာလုပ်ရမှန်းမသိ ဖြစ်ကြရကာ ရဟတ်ယာဉ် ၈ စီးဖြင့် သမ္မတကို ဖမ်းသွားခြင်း ဖြစ်သည်ဟု မာဒူရိုအိမ်တော်အား စောင့်ရသည့် အထူးတပ်ဖွဲ့ဝင်များထဲမှ ကိုယ်တွေ့ကြုံခဲ့ရသူ စစ်သည်တစ်ဦးက ဖွင့်ဟခဲ့ သည်။
ထိုစီးနင်းမှုတွင် ထရမ့်သည် ဂျိုးဘိုင်ဒန်လက်ထက်က ဝယ်ယူခဲ့သည်ဆိုသော Havana Syndrome ဝေဒနာခံစားရစေနိုင်သည့် ရေဒီယိုလှိုင်းစွမ်းအင်သုံး လက်နက်တစ်မျိုး ကိုလည်း အသုံးပြုခဲ့သည် ဟုဆိုသည်။
၎င်းတို့ လက်နက်များ အားလုံး မည်သို့မျှ ပစ်ခတ်ခွင့်မရခဲ့သည်နှင့် တစ်ဆက်တည်းပင် တစ်စုံတစ်ခုသော ထူးခြား ဖြစ်စဉ်တစ်ရပ် ဖြစ်ကာ ဗင်နီဇွဲလား စစ်သည်များအားလုံး မဖော်ပြနိုင်သော ဝေဒနာများ ခံစားရကြောင်း၊ အလွန် ထိတ်လန့်စရာ အသံလှိုင်းတစ်ခု ပဲ့တင်ထပ်ကာ ခေါင်းပေါက်ကွဲမတတ် ခံစားရကြောင်း၊ နှာခေါင်းမှ သွေးများ ထွက်ကျလာသလို ပါးစပ်မှလည်း သွေးများ အန်ထွက်ကုန်ကြောင်းနှင့် ကြမ်းပေါ် အကုန်လဲကျပြီး လှုပ်ပင် မလှုပ်နိုင်သည့် ဝေဒနာများ ခံစားခဲ့ရသည်ဟု မာဒူရို၏ အစောင့်စစ်သည်တစ်ဦးက ရှင်းလင်း ပြောဆိုသည်။
ထိုလက်နက်နှင့်ပတ်သက်ပြီး ထရမ့်က ဖွင့်ဟခြင်း မရှိသော်လည်း ဘိုင်ဒန်လက်ထက်က ဝယ်ခဲ့သည့် ဟာဗားနား ရောဂါဝေဒနာ ခံစားစေသည့် အသံလှိုင်း လက်နက်ဖြစ်မည်ဟု စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#တရုတ်
#ရုရှားဒုံးကျည်
#လျှို့ဝှက်လက်နက်
#မာဒူရို
#ဒေါ်နယ်ထရမ့်








