မဲခေါင်၊ ဇန်နဝါရီ ၂၂
ဘန်ကောက်မြို့၊ ခရွန်သက်အဖီဝတ် ဘူတာမှ ချင်းမိုင်သို့ ပြေးဆွဲသော အထူးအမြန်ရထားအမှတ် – ၇ သည် အင်ဂျင်ပြဿနာဖြစ်ပြီး မီးခိုးများထွက်လာသဖြင့် လော့ဘူရီ – ၂ ( သာဝန်း) ဘူတာတွင် ရပ်တန့်ခဲ့ရပြီး ခရီးသည်များ သောင်တင်ခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
ယင်းဒီဇယ်အင်ဂျင်ရထားက ယနေ့ ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီ ၁၈ မိနစ်တွင် သာဝန်းဘူတာအား ဖြတ်သန်းသွားစဉ် ထိုသို့ ဖြစ်ပွားခဲ့ပြီး မီးခိုးလုံးများ ထွက်ပေါ်လာခဲ့၍ ခရီးသည်များ အထိတ်တလန့် ဖြစ်ခဲ့ရသည်။
ထို့နောက် စစ်ဆေးမှုများ ပြုလုပ်ရန် ဝန်ထမ်းများက ရထားအား ချက်ချင်း ရပ်တန့်ခဲ့ကြရာ ပုံမှန်အားဖြင့် အထူးအမြန်ရထားအဖြစ် ပြေးဆွဲသော ခရီးစဉ်လည်း ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်။
နောက်ဆုံး ထွက်ပေါ်လာသော သတင်းများအရ ရထားအမှတ် – ၇ သည် လော့ဘူရီ -၂ ဘူတာ၌ ရပ်တန့်ထားဆဲ ဖြစ်ကာ ခရီးမဆက်နိုင်ကြောင်း သိရသည်။
ချင်းမိုင်သို့ သွားရောက်မည့် ခရီးသည်များမှာ ဘူတာတွင် စောင့်ဆိုင်းနေရသည်။
ခရီးသည်များအား အဝေးပြေး ဘတ်စ်ကားများသို့ ပြောင်းရွှေ့တင်ဆောင်ကာ ချင်းမိုင်သို့ သွားရာ လမ်းတစ်လျောက် ဘူတာများတွင် ချပေးရန် အစိုးရ ရထားလုပ်ငန်းက စီစဉ်ပေးခဲ့သည်။
နံနက် ၁၁ နာရီ ၂၀ တွင် နောက်ဆုံးသိရသော အခြေအနေအရ အမြန်ရထားအမှတ် – ၇ မှ ခရီးသည်များကို ခေါ် ဆောင်ရန် အတွဲ ၃ တွဲပါသော အစားထိုး ဒေဝူးရထားကို ဘန်ကောက်မှ သာဝန်းဘူတာသို့ စေလွှတ်လိုက်ကြောင်း သိရသည်။
အေးကျော်
Ref:The Nation
#MeKongNews
#ချင်းမိုင်
#အထူးအမြန်ရထား
#မီးခိုးများထွက်
#လော့ဘူရီ








