မဲခေါင်၊ ဇန်နဝါရီ ၁၇
အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန – CIA အကြီးအကဲ ဂျွန်ရက်ကလစ်ဖ်သည် ဗင်နီဇွဲလားနိုင်ငံသို့ သွားရောက် ပြီး ကြားဖြတ်ခေါင်းဆောင် ဒယ်လ်စီရိုဒရီဂွက်စ် နှင့် တွေ့ဆုံခဲ့သည်ဟု အမေရိကန် အရာရှိကြီးတစ်ဦးက ပြောသည်။
ယင်းမှာ သမ္မတ နီကိုလပ်စ်မာဒူရိုကို ဖြုတ်ချပြီးနောက် အမေရိကန်မှ အဆင့်အမြင့်ဆုံး အရာရှိတစ်ဦး လာရောက်ခဲ့ခြင်းလည်း ဖြစ်သည်။
ထောက်လှမ်းရေးအကြီးအကဲအား သမ္မတထရမ့်က ကြာသာပတေးနေ့တွင် ကာရာကတ်စ်သို့ စေလွှတ်လိုက်ခြင်း ဖြစ်ကာ တွေ့ဆုံမှုမှာ ၂ နာရီခန့် ကြာမြင့်ခဲ့သည်ဟု အမေရိကန် သတင်းရင်းမြစ်များက ပြောသည်။
“သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့ ဒါရိုက်တာရက်ကလစ်ဖ် ဗင်နီဇွဲလားနိုင်ငံကို သွားခဲ့ပါတယ်။ ကြားဖြတ်သမ္မတ ဒယ်လ်စီရိုဒရီဂွက်စ်နဲ့ တွေ့ဆုံပြီး ၂ နိုင်ငံကြား လုပ်ငန်းပိုင်းဆိုင်ရာ ဆက်ဆံရေးမှာ တိုးတက်လာဖို့ မျှော်လင့်တယ် ဆိုတဲ့ သတင်းစကား ပါးခဲ့ပါတယ်” ဟု ထရမ့်အစိုးရ အရာရှိကြီးတစ်ဦးက အမည်မဖော်ဘဲ ပြောကြားသည်။
ရက်ကလစ်ဖ်နှင့် ရိုဒရီဂွက်စ်တို့သည် စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုအတွက် အလားအလာရှိသော အခွင့်အလမ်းများ အပြင် ဗင်နီဇွဲလားအနေဖြင့် အမေရိကန်၏ ရန်သူများ အထူးသဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူများအတွက် လွတ်မြောက်နယ်မြေ ဖြစ်နိုင်တော့မည် မဟုတ်ကြောင်းတို့ကိုလည်း ဆွေးနွေးခဲ့ကြ သည်ဟု ယင်းအရာရှိကြီးက ဆက်ပြောသည်။
သမ္မတထရမ့်က မစ္စရိုဒရီဂွက်စ်အား ပထမဆုံးအကြိမ် စကားပြောခဲ့သောနေ့နှင့် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာကော်ရီနာ မာချာဒိုက ထရမ့်အား ၎င်းရရှိခဲ့သည့် ငြိမ်းချမ်းရေး နိုဘယ်ဆုတံဆိပ်အား အိမ်ဖြူတော်တွင် ပေးအပ်ခဲ့ပြီး နောက်တစ်ရက်မှာပင် ရက်ကလစ်ဖ်၏ ကာရာကတ်စ် ခရီးစဉ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ဗင်နီဇွဲလားရေနံများ အမေရိကန်သို့ ဆက်လက် စီးဆင်းနေသရွှေ့ မာဒူရိုအား အခိုင်အမာထောက်ခံသူ ဒုသမ္မတ ရိုဒရီဂွက်စ်အား နိုင်ငံ၏ ခေါင်းဆောင်အဖြစ် ဆက်ရှိနေရေးကို ထရမ့်က ထောက်ခံနေသည်။
အေးကျော်
Ref:AFP
#MeKongNews
#ဗင်နီဇွဲလား
#ကြားဖြတ်ခေါင်းဆောင်
#CIA
#အကြီးအကဲ








