မဲခေါင်၊ ဇန်နဝါရီ ၁၇
ယမန်နှစ် စက်တင်ဘာ ၉ ရက်မှ စပြီး ထောင်ဒဏ် ၁ နှစ်ကျခံနေရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် လာမည့် မေလတွင် ခံဝန်ဖြင့် လွတ်ငြိမ်းခွင့် လျှောက်ထားခွင့် စတင်ရရှိမည်ဟု ထိုင်း အကျဉ်းဦးစီး အကြီးတန်း အရာရှိတစ်ဦး၏ အဆိုအရ သိရသည်။
ပြစ်ဒဏ်ကာလ ၃ ပုံ ၂ ပုံ ကျခံပြီးသူသည် လွတ်ငြိမ်းခွင့် လျှောက်ထားနိုင်ကာ သက်ဆင် ထောင်ကျနေသော ပလောင်ပရမ် ဗဟိုအကျဉ်းထောင်သို့ ၎င်း၏ မိသားစုဝင်များက ထောင်ဝင်စာ သွားတွေ့ပြီးနောက် ဇန်နဝါရီ ၁၅ ရက် တွင် ယင်းသတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
သက်ဆင်၏ သားမက် ပီဒေါ့ခ်ဆွတ်ဆာဝက်စ်နှင့် သမီးဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ပေထောင်တန်တို့ ထောင်တွင်းသို့ ဒေသစံတော်ချိန် ယမန်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်တွင် သွားရောက်ခဲ့ကြသည်။
ထို့နောက် မီဒီယာတွေ့ဆုံမှုတွင် သက်ဆင်၏ ရှေ့နေ ဝင်ယတ်လည်း ရှိနေပြီး သက်ဆင်အမာခံ ရှပ်နီလှုပ်ရှားမှု အဖွဲ့ဝင်များလည်း ရှိနေခဲ့သည်။
ထိုင်းထောင်များတွင် ပြစ်ဒဏ်ကျ အကျဉ်းသားများအား နေထိုင်ပြုမှုပုံ ကောင်း၊ သင့်၊ ညံ့၊ အလွန်ကောင်း ဆိုသည့် စံနှုန်းများ သတ်မှတ်ထားရာ ဒီဇင်ဘာလက ပြစ်ဒဏ် ပြန်လည် ချင့်ချိန်စဉ်တွင် “သင့်”အဆင့်သာ ရှိသေးသဖြင့် လွတ်ငြိမ်းခွင့် တောင်းဆိုပိုင်ခွင့် မရသေးဘဲ ယခု “ကောင်း” အဆင့်ရနေပြီ ဖြစ်သောကြောင့် မေလတွင် လွတ်ငြိမ်းခွင့် လျှောက်ထားနိုင်ပြီဟု အမည်မဖော်သော အကျဉ်းဦးစီး အရာရှိတစ်ဦးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထိုင်း အကျဉ်းသားများကို တော်ဝင် လွတ်ငြိမ်းခွင့်နှင့် ပြစ်ဒဏ် လျှော့ပေးခြင်းများအား သုံးသပ်မှုကို နှစ်စဉ် မတ်၊ ဧပြီ၊ ဩဂုတ်နှင့် ဒီဇင်ဘာလတို့၌ (၄) ကြိမ် ပြုလုပ်ကာ လွှတ်ငြိမ်းခွင့် ပေး၊ မပေး ဆုံးဖြတ်ခြင်းဖြစ်သည်။
ထိုင်းတွင် စစ်အာဏာသိမ်းကာ သက်ဆင်သည် စွဲချက်များတင်ခံရပြီးနောက် နိုင်ငံအတွင်းမှ ၁၅ နှစ်ကြာ တိမ်းရှောင် ထွက်ပြေးသွားခဲ့ပြီး သမီးဖြစ်သူ ဝန်ကြီးချုပ်အဖြစ် အာဏာရလာပြီးနောက် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၂ ရက်၌ ထိုင်းသို့ ပြည်တော် ပြန်ဝင်လာခြင်း ဖြစ်သည်။
ယခင် အမှုများကြောင့် ထိုင်းသို့ ရောက်မဆိုက်မှာပင် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရပြီး ချက်ချင်း ပြစ်ဒဏ်လျှော့ ပေါ့မှု အဖြစ် ထောင်ဒဏ် ၁ နှစ်သာကျခံရန် စီရင်ခံခဲ့ရသည်။
သို့သော် ထောင်တွင်း တစ်ညပင်မနေဘဲ ဘန်ကောက်ရှိ ပြည်ထဲရေး ဆေးရုံကြီးတွင် ကျန်းမာရေး အကြောင်းပြကာ လချီတက်ရောက်ပြီး ထောင်ဒဏ်စေ့စေရန် နေထိုင်ခဲ့မှုကို ထိုင်းတရားရုံးချုပ်က အသိအမှတ်မပြုနိုင်ဟု ဆိုကာ ယမန်နှစ် စက်တင်ဘာ ၉ ရက်တွင် ထောင် ၁ နှစ်ကျခံသွားရန် ပြန်လည် အမိန့်ချလိုက်ခြင်း ဖြစ်သည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ဝန်ကြီးချုပ်ဟောင်း
#သက်ဆင်
#ခံဝန်
#လွတ်ငြိမ်းခွင့်








