မဲခေါင်၊ ဇန်နဝါရီ ၁၄
ဘန်ကောက်မှ ရတ်ချာဌာနီသို့ မောင်းနှင်လာသော ခရီးသည်တင်ရထားသည် ရထားလမ်းပေါ် ပြိုကျနေသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ကရိန်းကို ဝင်တိုက်မိသည့် ဖြစ်ရပ်တွင် သေဆုံးသူ ၂၂ ဦး အထိရှိလာကြောင်း သိရသည်။
ဇန်နဝါရီ ၁၄ ရက် ထိုင်းစံတော်ချိန် နံနက် ၉ နာရီ ၅ မိနစ်၌ ဘန်ကောက်မှ အူဘွန်ရတ်ချာဌာနီသို့ ဦးတည်မောင်းနှင်လာသည့် ခရီးသည်တင်ရထားသည် စီခီယို (Sikhio) ခရိုင်၊ ဘန်ထနွန်ခေါ့တ် (Ban Thanon Khot) ဒေသသို့ အရောက်တွင် ရထားလမ်းပေါ်သို့ လဲကျနေသော ကရိန်းအား အရှိန်ပြင်းစွာဖြင့် ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာန Khaosod က ဖော်ပြသည်။
လဲကျနေသော ကရိန်းနှင့် အရှိန်ပြင်းစွာ တိုက်မိပြီးနောက် ကရိန်း၏ အစိတ်အပိုင်းများ ရထားပေါ်သို့ ထပ်မံပြိုကျခဲ့သဖြင့် ရထားတွဲအချို့ လမ်းချော်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကရိန်းကို တိုက်မိပြီးနောက် ကနဦးက ၁၀ ဦးသေဆုံးကာ ၄၀ ကျော်ဒဏ်ရာရခဲ့ပြီး နောက်ပိုင်းတွင် သေဆုံးသူ ၂၂ ဦးအထိ မြင့်တက်လာခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာန Khaosod က ဖော်ပြသည်။
ကနဦးစုံစမ်းမှုများအရ ကရိန်းသည် အမြန်ရထားလမ်း ကုန်းကျော်တံတားတည်ဆောက်ရေးအတွက် အသုံးပြုနေသော ကရိန်းဖြစ်ပြီး ရထားမလာမီအချိန်ပိုင်းအတွင်း ပြိုကျခဲ့ခြင်းဖြစ်ကာ ဆက်လက်စုံစမ်းနေကြောင်း ထိုင်းတာဝန်ရှိသူများက ထုတ်ပြန်ထားသည်။
ဒဏ်ရာရရှိသူများကို စီခီယိုဆေးရုံ၊ စွန်းနွန်းဆေးရုံနှင့် မဟာရတ်နခွန်ရာချာစီမာ ဆေးရုံများသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ပြီး ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
ကိုကလင်း
Ref: khaosodenglish
#MeKongNews
#ထိုင်းနိုင်ငံ
#အမြန်ရထား
#ကရိန်း
#ရထားလမ်း
#ဘန်ကောက်








