မဲခေါင်၊ ဇန်နဝါရီ ၁၀
အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို – CIB နှင့် လူဝင်မှုကြီးကြပ်ရေးဌာနက ကြေညာသည်။
ဂိုဏ်းခေါင်းဆောင်ဟုဆိုသူ ယန် ၄၁ နှစ်၊ ဘဏ္ဍာရေး တာဝန်ခံ ဝမ် ၄၆ နှစ်နှင့် ဈေးကွက် ရှာဖွေရေး ခေါင်းဆောင် လီ ၄၆ နှစ် တို့အား ဘန်ကောက်မြို့၊ ဟွာအီကွမ်းခရိုင်နှင့် ချင်းမိုင်မြို့တို့တွင် ပူးပေါင်း လုပ် ဆောင်သည့် စီးနင်းမှုတွင် ဖမ်းမိခဲ့သည်။
၎င်းတို့အဖွဲ့သည် “Jihui Jinfu”ဟု အမည်ပေးထားသော ဖုန်းအက်ပလီကေးရှင်း တစ်ခုကို အသုံးပြု၍ လိမ်လည်ခဲ့ကြကြောင်း CIB ၏ ဆိုက်ဘာမှုခင်း နှိမ်နင်းရေးဌာနက ပြောကြားသည်။
၂၀၁၅ ခုနှစ်တွင် လုပ်ငန်းစတင်ခဲ့သော ယင်းအဖွဲ့က လူပေါင်း ၈၀၀၀ ကို ဆွဲဆောင်နိုင်ခဲ့ပြီး အများပြည်သူသို့ ရှယ်ယာ ရောင်းချခြင်းများမှ တစ်ဆင့် နှစ်စဉ် ၁၂ ရာခိုင်နှုန်း သေချောပေါက် အကျိုးအမြတ် ရရှိ မည်ဟု ကတိပြုခဲ့ကြသည်။
ထိုလုပ်ငန်းသည် မည်သည့် အချိန်ကမျှ အရောင်းအဝယ် မလုပ်ခဲ့ကြောင်းနှင့် ငွေများကို ၎င်းတို့ ၃ ဦး၏ ငွေကြေးအကောင့်များသို့ လွှဲပြောင်း ရယူခဲ့ကြောင်း တရုတ် အာဏာပိုင်များ၏ စုံစမ်း စစ်ဆေးမှုများက တွေ့ရှိခဲ့သည်။
ရင်းနှီးမြုပ်နှံမှုများ သက်တမ်းပြည့်ချိန်တွင် ကုမ္ပဏီက ရင်းနှီးမှုများကို ပြန်မပေးဘဲ လိမ်လည်ခဲ့ကြရာ တရုတ်နိုင်ငံတွင် စုစုပေါင်း ဆုံးရှုံးမှု ယွမ်ငွေ ၁ ဒသမ ၆ ဘီလီယံအထိ ရှိလာခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံတွင် အဖမ်းမခံရရန် ၎င်းတို့က ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ကြပြီး အချို့က ကျောင်းသား ဗီဇာများဖြင့် ဆက်လက် နေထိုင်ခဲ့ကြသည်ဟု ဆိုသည်။
၎င်းတို့အား ဖမ်းမိရေး အကူအညီပေးရန် ပေကျင်းမှ တရားဝင် တောင်းဆိုမှု ရှိခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များက ၎င်းတို့၏ နေထိုင်ခွင့်များကို ရုပ်သိမ်းကာ ပုန်းအောင်းနေသည့် နေရာများကို ရှာဖွေဖော်ထုတ် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ကနဦး စစ်ဆေး မေးမြန်းမှုများအတွင်း ယန်နှင့် ဝမ်က စွဲချက်များကို လက်ခံခဲ့ပြီး တရုတ် တရားရေးစနစ်မှ ရှောင်တိမ်းရန် ကြိုးစားခဲ့ကြကြောင်း ဝန်ခံခဲ့သော်လည်း လီကမူ လိမ်လည်မှုများတွင် မပါဝင်ကြောင်း ပြောခဲ့သည်ဟု ဆိုသည်။
အများပြည်သူ၏ ငွေကြေးများကို တရားမဝင် စုဆောင်းရယူမှု စွဲချက်များကို ရင်ဆိုင်နေရသော ၎င်းတို့ ၃ ဦးကို တရုတ်နိုင်ငံသို့ ပြန်မပို့မီ လောလောဆယ် ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနက ထိန်းသိမ်းထား ကြောင်း သိရသည်။
အေးကျော်
Ref: The Nation
#MeKongNews
#ဒေါ်လာ
#တရုတ်
#ကျားဖြန့်ဂိုဏ်း
#ထိုင်းအာဏာပိုင်








