မဲခေါင်၊ ဇန်နဝါရီ ၁၀
အင်းလေးဒေသတွင် ယခုနှစ်၌ ကျွန်းမျောများပေါ် စိုက်ပျိုးသော ခရမ်းချဉ်များ အထွက်နည်းသောကြောင့် ဈေးကောင်းရနေကြောင်း တောင်သူများထံမှ သိရသည်။
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တွင် ခရမ်းချဉ်များ အထွက်နှုန်း ကျဆင်းခြင်းနှင့် ပြည်မဘက်မှ ထိုင်ဝမ်သီးများ မထွက်သေးခြင်း တို့ကြောင့်ကျွန်းမျောသီး၊ ခေါ် အင်းလေးထွက် ခရမ်းချဉ် စျေးကောင်းရနေခြင်း ဖြစ်ကြောင်း သိရသည်။
“ဗမာပြည်ဖက် ခရမ်းချဉ်သီး မထွက်မခြင်း ကျွန်းမျောသီးက ဈေးကောင်းနေမှာ။ ကျွန်းမျှောသီးလည်း အခုက အထွက်နည်းတယ်။ ပွဲစားတွေတောင် အလုအယက် ဝယ်ရတယ်။ အခုက မရဖူးတဲ့ဈေးနဲ့ ရနေတာ”ဟု ခရမ်းချဉ်စိုက် တောင်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။
အင်းလေးဒေသထွက် ခရမ်းချဉ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ပထမပတ်တွင် တစ်ပိဿာ ၄၅၀၀ ကျပ် ရရှိပြီး ယခုတွင် တစ်ပိဿာ ၆ ထောင်ကျပ်အထိ ရရှိကြောင်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် တစ်နှစ်တာ အစောပိုင်း ၈ လခန့်တွင် ခရမ်းချဉ်စိုက် တောင်သူများနှင့် ပွဲစားတို့ အရှုံး ဖြင့် ရင်ဆိုင်ခဲ့ရကာ ကြံ့ကြံ့ခံ ရပ်တည်ခဲ့ကြရပြီးနောက် ယခုတွင် စျေးအမြင့်ဆုံး ကာလကို ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အင်းလေးဒေသ၊ ညောင်ရွှေမှ ရန်ကုန်၊ မန္တလေးအထိ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ပို့ခ ၇၅၀ ကျပ် ရှိပြီး ယင်းမှာ လုပ်အားခ၊ ကားခ၊ ပွဲခဖြစ်ကာ အင်းလေးကန် ရွာများမှ ပွဲရုံ အထိ ခြံသယ်ခနှင့် လုပ်အားခ တစ် ပိဿာ ၁၀၀ ကျပ် အပြင် လောင်စာဆီဖိုး ကုန်ကျစရိတ်လည်း ရှိကြောင်း တောင်သူများက ပြောသည်။
ထို့ကြောင့် အင်းလေးဒေသထွက် ခရမ်းချဉ်သည် ရင်းနှီးမှုစရိတ် မြင့်သည့်အပြင် ဈေးနှုန်းလည်း အတက်ကြမ်း၊ အကျကြမ်း ဖြစ်လေ့ရှိကြောင်း ကုန်စည်ရောင်းဝယ်ရေး ဒိုင်ထံမှ သိရသည်။
အင်းလေးဒေသတွင် ရွာ ၄၄၅ ရွာ ရှိသည့်အနက် ရွာတိုင်းလိုလိုတွင် ခရမ်းချဥ် စိုက်ပျိုးကြသော်လည်း စီးပွားဖြစ်စိုက်သည့်ရွာ ၁၄၆ ရွာ သာရှိကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#အင်းလေး
#ကျွန်းမျောခရမ်းချဉ်
#ဈေးကောင်းရ
#ညောင်ရွှေ








