မဲခေါင်၊ ဇန်နဝါရီ ၁၀
အာရှ၏ အကြီးဆုံး စီးပွားရေး ၂ နိုင်ငံ အကြား သံတမန်ရေး တင်းမာမှုများ အရှိန်မြင့်နေချိန်တွင် ဓာတ်ငွေ့သိုက်ရှိသည်ဟု သိထားကြသော အရှေ့တရုတ်ပင်လယ် ဧရိယာတစ်ခုတွင် ရွေ့လျား တူးဖော်ရေး ရေယာဉ်တစ်စီး တရုတ်ချထားမှုကို ဂျပန်က ကန့်ကွက်လိုက်သည်။
အရှေ့တရုတ် ပင်လယ်မှ ၂ နိုင်ငံ ရေပိုင်နက် အလယ်စည်း တရုတ်ဘက်ခြမ်းတွင် တူဖော်ရေး ရေယာဉ်တစ်စီးကို တရုတ်က ဆိုက်ကပ် ရပ်နားထားကြောင်းကို အတည်ပြုထားပြီး ဇန်နဝါရီ ၂ ရက် တွင် ဂျပန် ကမ်းရိုးတန်း တပ်ဖွဲ့က ရေကြောင်းသွားလာမှု သတိပေးချက်ထုတ်ပြန်ခဲ့သည်ဟု ဂျပန် အစိုးရ အတွင်း ဝန်ချုပ် မီနိုရူကီဟာရာက ပြောသည်။
နှစ်နိုင်ငံကြား သီးသန် ့ စီးပွားရေးဇုန် နယ်နမိတ်ကို မသတ်မှတ်ရသေးမီ တရုတ်တို့၏ လုပ်ရပ် ထွက်ပေါ် လာခဲ့သည်ဟု ကီဟာရာက ပြောသည်။
ဂျပန်ထံမှ အကြိမ်ကြိမ် ကန့်ကွက်ခဲ့သော်လည်း ယင်းရေပြင်တွင် တစ်ဖက်သတ် ဖွံ့ဖြိုးရေးလုပ်ငန်းများ တရုတ်က ဆက်လုပ်နေပြီး ခိုင်မာသော အချက်တစ်ခုအဖြစ် ဖော်ဆောင်ရန် ကြိုးပမ်းမှုများသည် အလွန်ပင် မလိုလားအပ်ကြောင်းနှင့် ချက်ချင်းပင် သံတမန်ရေး လမ်းကြောင်းမှ ကန့်ကွက်ခဲ့ကြောင်း ဂျပန်အစိုးရ အရာရှိကြီးက ဆိုသည်။
ထိုင်ဝမ်အပေါ် စစ်ရေး တိုက်ခိုက်မှုများအပေါ် ဂျပန်က စစ်ရေးအရ ကြားဝင်သွားနိုင်ကြောင်း ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ နိုဝင်ဘာလ မှတ်ချက်များကြောင့် ၂ နိုင်ငံကြား ဆက်ဆံရေး မပြေမလည် ဖြစ်နေချိန်တွင် အရှေ့တရုတ်ပင်လယ်မှ ယင်းဖြစ်ရပ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
အရှေ့တရုတ်ပင်လယ်မှ ဓာတ်ငွေသိုက် တူးဖော်ရေးလုပ်ငန်းများကို ပူးပေါင်း လုပ်ဆောင်ကြရန် ဂျပန်နှင့် တရုတ်တို့က ၂၀၀၈ ခုနှစ်တွင် သဘောတူညီမှု ရရှိခဲ့ကြသော်လည်း ထို့နောက်ပိုင်း ယင်းကိစ္စနှင့် ပတ် သက်၍ ဆွေးနွေးမှုများ ရပ်တန့်နေခဲ့သည်။
၂ နိုင်ငံအကြား ရေကြောင်း နယ်နမိတ်များကို တရားဝင် သဘော မတူညီရသေးသောကြောင့်လည်း တည်ဆောက်မှု အသစ်များ ၊ စီးပွာရေးရာ လှုပ်ရှားမှုများဖြင့် ပိုင်ဆိုင်ကြောင်း ပြောကြား၍ ကျယ်ပြန့်သော ပင်လယ်ပြင်ဧရိယာကို လက်တွေ့ ထိန်းချုပ်မှုရယူရန် ပေကျင်းက ကြိုးစားမည့် အလားအလာကိုလည်း မြင့်တက်လာစေခဲ့ကြောင်း သတင်းက ဖော်ပြသည်။
အစောပိုင်း သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် ဂျပန်က အခိုင်အမာ တိုက်တွန်း လိုက်ကြောင်းလည်း အစိုးရ အတွင်းဝန်ချုပ် ကီဟာရာက ပြောကြားသွားသည်။
အေးကျော်
Ref: BLOOMBERG
#MeKongNews
#အရှေ့တရုတ်
#ဓာတ်ငွေ့တူးရေယာဉ်
#ဂျပန်
#ကန့်ကွက်








