မဲခေါင် ဇန်နဝါရီ ၉
တောင်ကြီးမြို့ရှိ ဗိုလ်ချုပ်ပန်းခြံအတွင်း လူနေဆိုင်ခန်းတွဲများ ဆောက်လုပ်ရန်အတွက် ရှမ်းချယ်ရီတောင်တန်း ကုမ္ပဏီက ကြံစည်နေသည့် အစီအစဉ်မှာ ခွင့်ပြုချက် မရသည့်အတွက် ပျက်ပြယ်သွားကြောင်း တောင်ကြီးအာဏာပိုင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
ယင်းဗိုလ်ချုပ်ပန်းခြံအတွင်း အဆောက်အအုံ ဆောက်လုပ်မည့်လုပ်ငန်းကို စိုးလင်းပိုင် ရှမ်းချယ်ရီတောင်တန်း ဆောက်လုပ်ရေးကုမ္ပဏီက အကျိုးတူပူးပေါင်း (B.O.T စနစ်ဖြင့်) လုပ်ဆောင်ရန် စီစဉ်နေခြင်းဖြစ်ပြီး မြို့နယ်စည်ပင်က မဆောက်လုပ်သင့်ကောင်း မှတ်ချက်ပြုပြီး စစ်ကောင်စီ၏ ပြည်နယ်အစိုးရက ခွင့်ပြုချက်မပေးသဖြင့် အစီအစဉ်ပျက်သွားခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
“စည်ပင်ကို သဘောထားမှတ်ချက်တောင်းတော့ စည်ပင်က ဒါဟာ အများပိုင်နေရာဖြစ်တယ်။ အနောက်မှာလည်း ဆေးရုံတွေရှိတယ်။ ဒီလိုဆောက်ဖို့က မသင့်တော်ပါဘူးဆိုပြီး မှတ်ချက်ပေးတယ်လို့ သိရတယ်။ ပြည်နယ်အစိုးရကလည်း ခွင့်ပြုချက်မပေးဘူး။ ပြည်သူအများကလည်း ကန့်ကွက်ကြတယ်။ ဒါကြောင့်ပျက်သွားတာပေါ့” ဟု ၎င်းက ပြောသည်။
သမိုင်းဝင်ဗိုလ်ချုပ်ပန်းခြံကို စစ်ကောင်စီရွေးကောက်ပွဲအလွန် အစိုးရအကူးအပြောင်းကာလ မတိုင်မီ အကောင်အထည်ဖော်လာနိုင်သည့် အခြေအနေရှိနေသဖြင့် မြို့ပြအလှအပကို ထိန်းသိမ်းလိုသည့် ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်နေခြင်းဖြစ်သည်။
နိုင်ငံရေးအခြေအနေအပေါ် စီးပွားရေးသမားများက အခွင့်ကောင်းယူကာ တောင်ကြီးမြို့နယ်အတွင်း အများပြည်သူပိုင်နေရာများကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန် ကြိုးစားနေပြီး ယင်းအခြေအနေမှာ အများပြည်သူအတွက် များစွာထိခိုက်ကြောင်း တောင်ကြီးဒေသခံများက ဝေဖန်ကြသည်။
တောင်ကြီးမြို့ရှိ အများပြည်သူ အပန်းဖြေရာနေရာများဖြစ်သော မြကန်သာပန်းခြံနှင့် ကြိုးတံတားပန်းခြံတို့မှာလည်း စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လာမှုကြောင့် လွတ်လပ်စွာ အပန်းဖြေရန် ခက်ခဲသွားခဲ့ပြီဖြစ်သည်။ ယခုအခါ လက်ရှိကျန်ရှိနေသည့် ဗိုလ်ချုပ်ပန်းခြံပါ ထပ်မံပျက်စီးသွားမည်ကို ဒေသခံများက လွန်စွာစိုးရိမ်နေကြခြင်း ဖြစ်သည်။
#MeKongNews
#တောင်ကြီး
#ဗိုလ်ချုပ်ပန်းခြံ
#ရှမ်းချယ်ရီတောင်တန်း
#အများပိုင်မြေ








