မဲခေါင်၊ ဇန်နဝါရီ ၈
ရုရှားနှင့် အပစ်ရပ်စဲမှု ရရှိခဲ့ပြီးပါ ယူကရိန်း၏ ကာကွယ်နိုင်စွမ်းကို တိုးမြှင့်ပေးရန် နိုင်ငံစုံ တပ်ဖွဲ့တစ်ခု စေလွှတ်ပေးရေး ယူကရိန်းကို ထောက်ခံသော နိုင်ငံများက သဘောတူခဲ့ကြသည်။
၎င်းတွင် ပြင်သစ်နှင့် ဗြိတိန်တို့၏ တပ်များ ပါဝင်လာနိုင်သော်လည်း ၎င်းတို့၏ တပ်ဖွဲ့ အင်အားကို မသိရသေးပေ။
မဟာမိတ်အဖွဲ့ဝင်များသည် အမေရိကန်က အဆိုပြုထားသော အပစ်အခတ်ရပ်စဲရေး ယန္တရားတွင် ပါဝင်သွားကြမည်ဟုလည်း ထုတ်ပြန်ချက်က ဖော်ပြသည်။
အနာဂတ်တွင် ရုရှား၏ တိုက်ခိုက်မှု ဖြစ်လာပါက ယူကရိန်းကို ကူညီ ထောက်ပံ့သွားရန် ဥပဒေအရ စည်းကြပ်မှုရှိသော ကတိကဝတ်များကို အပြီးသတ် လုပ်ဆောင်သွားကြရန်လည်း အဖွဲ့ဝင်များက သဘောတူခဲ့ကြသည်။
ယင်းကတိကဝတ်များတွင် စစ်ရေးတုံ့ပြန်မှုများ ပါဝင်နိုင်သလို တားဆီး ပိတ်ဆို့ခြင်းများ ထပ်မံ လုပ်ဆောင်မှုလည်း ပါဝင်နိုင်သည်။
ယမန်နေ့ ပါရီမြို့ ထိပ်သီး အစည်းအဝေးသို့ ဥရောပခေါင်းဆောင်များ၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးနှင့် အမေရိကန် အထူး သံတမန် စတိဗ်ဝစ်ကော့ဖ်တို့လည်း တက်ရောက်ခဲ့ကြသည်။
ယူကရိန်းအမာခံ နိုင်ငံများမှ တပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားပြီး အမေရိကန် ထောက်ခံသော နိုင်ငံစုံတပ်ဖွဲ့များအား ယူကရိန်းနိုင်ငံသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း ထိပ်သီး ဆွေးနွေးပွဲ အပြီး ပူးတွဲထုတ်ပြန်ချက်က ဖော်ပြသည်။
ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ရပ်ကြောင့် ယူကရိန်းက လက်နက်ချခြင်း၊ သို့မဟုတ် တစ်ဖန် ခြိမ်းခြောက်ခံရမှုဆီသို့ မရောက်သွားရေး သေချာစေရန် ယင်းလုံခြုံရေး အာမခံချက်များ လိုအပ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က သတင်းထောက်များအား ပြောကြားသည်။
ယူကရိန်းတွင် အနောက်တိုင်းတပ်ဖွဲ့များ ထားရှိခြင်းကို ရုရှားက ဆန့်ကျင်သည့်အတွက် ထိုသို့ တပ်ဖွဲ့များ ချထားမှုအား မော်စကိုက သဘောတူမည်လားဆိုသည်ကိုလည်း စောင့်ကြည့်ရဦးမည် ဖြစ်သည်။
အေးကျော်
Ref: NHK
#MeKongNews
#ရုရှား
#ယူကရိန်း
#နိုင်ငံတကာတပ်ဖွဲ့
#မဟာမိတ်








