မဲခေါင်၊ ဇန်နဝါရီ ၇
ဗဟိုဌာနချုပ် ဖွင့်လှစ်ပြီး တပ်ရင်း အသစ်များကိုလည်း တိုးချဲ့ ဖွဲ့စည်းလိုက်သည်ဟု ကယန်းအမျိုးသား တပ်မတော် – KNA က ဇန်နဝါရီ ၇ ရက်တွင် သတင်း ထုတ်ပြန်သည်။
ကယန်းမျိုးသား တပ်မတော် ဗဟိုဌာနချုပ်ကို ယနေ့ ဇန်နဝါရီလ ၇ ရက် နံနက်တွင် ကယန်းဒေသ တစ်နေရာ၌ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် တပ်ရင်းအမှတ် – ၂၁၁၄ နှင့် တပ်ရင်းအမှတ် – ၂၁၁၅ ကိုလည်း တိုးချဲ့ ဖွဲ့စည်းလိုက်သည်ဟု လည်း ကြေညာချက်တွင် ဖော်ပြသည်။
ကယန်းဒေသအတွင်းရှိ ပြန့်ကျဲနေသည့် တော်လှန်ရေး တပ်ဖွဲ့များကို စုစည်းပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်တွင် ကယန်းမျိုးသား တပ်မတော်ကို တပ်ရင်း ၈ ရင်းဖြင့် ဖွဲ့စည်းခဲ့ကာ လက်ရှိတွင် တပ်ရင်း ၁၃ ရင်းထိ တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့သည်ကို တွေ့ရသည်။
KNA သည် စတင်ဖွဲ့စည်းချိန်မှ လက်ရှိအချိန်ထိ ဒေသတွင်း မဟာမိတ်များနှင့် လက်တွဲကာ အာဏာသိမ်းစစ် ကောင်စီတပ်ကို တော်လှန် တိုက်ခိုက်နေသည့်အဖွဲ့ ဖြစ်သည်။
ကယန်းအမျိုးသား တပ်မတော် ဗဟိုဌာနချုပ်ဖွင့်ပွဲသို့ နိုင်ငံရေးဦးဆောင် ကော်မတီဝင်များ၊ စစ်ဘက်ဆိုင်ရာ စစ်ဦးစီးမှူးများ၊ တပ်ဗိုလ် တပ်မှူးများနှင့် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
#MeKongNews
#KNA
#ဗဟိုဌာနချုပ်
#တပ်ရင်းများ
#တိုးချဲ့ဖွဲ့စည်း








