မဲခေါင်၊ ဇန်နဝါရီ ၆
ခါကိဗ်ဒေသ၊ လိုင်မန်မြို့ ၊ စစ်မြေပြင်အနီးတွင် ဒရုန်းတစ်စင်း၏ စေခိုင်းချက်အရ လက်နက်ချ အညံ့ခံပြီး သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့သည့် ရုရှားစစ်သားတစ်ဦး၏ ရုပ်သံကို ယူကရိန်းတပ်မဟာ – ၁၆ က ထုတ်ပြန်ခဲ့သည်။
ယင်းဖြစ်စဉ်တွင် အဆောက်အအုံ တစ်ခုအတွင်း အသက်ရှင်ရေးအတွက် လက်နက်ချကာ သုံ့ပန်းအဖြစ် အဖမ်းခံလိုကြောင်း ရုရှားစစ်သားတစ်ဦးက ကတ်ထူပြားပေါ် စာရေးပြီး အသိပေးမှုကို အညံ့ခံရန် အသံလွှင့် တိုက်တွန်းနေသော ယူကရိန်းဒရုန်းက ရိုက်ကူးမိခဲ့ခြင်း ဖြစ်သည်။
ယင်းရုရှားစစ်သားက ဒရုန်း၏ လမ်းညွှန်ချက်အတိုင်း အဖမ်းခံရာတွင် ယူကရိန်း စစ်သား ၂ ဦးက သွားရောက်ကာ အသာတကြည် ခေါ်ဆောင်လာသည်ကို ရုပ်သံတွင် မြင်တွေ့ရသလို ရုရှားစစ်သားများ အသက်မဆုံးရှုံးဘဲ သုံ့ပန်းအဖြစ် အဖမ်းခံရန် လှုံ့ဆော်သည့် ယူကရိန်းစစ်တပ်၏ “I Want to Live” အစီအစဉ်တွင် ယခုကဲ့သို့ အညံ့ခံသည့် ရုရှားစစ်သားပေါင်း ထောင်ချီရှိလာပြီဟု ကြေညာခဲ့ကာ နောက်ထပ်လည်း အသက်ရှင်သန်ရန် ကြိုးစားကြရေး ထပ်မံတိုက်တွန်းခဲ့သည်။
တစ်ဆက်တည်းမှာပင် ပူတင်၏ချစ်သူနှင့် သားများနေထိုင်ရာ နန်းတော်ကို ယူကရိန်းက ဒရုန်းအစီး ၄၀ ဖြင့် ပစ်ခတ် တိုက်ခိုက်သည်ဆိုသော ဖြစ်စဉ်တွင် ယူကရိန်းလက်ချက် ဖြစ်ကြောင်း အထောက်အထားများအား ရုရှားက အမေရိကန်သို့ ပေးပို့ခဲ့သည်ဟု သိရသည်။
သို့သော် ထိုဖြစ်စဉ်မှာ ငြိမ်းချမ်းရေး မလိုလားသဖြင့် ရုရှား၏ အကွက်ဆင်မှုသာ ဖြစ်ကြောင်း ယူကရိန်းစစ်ဘက်က အခိုင်အမာ ငြင်းဆိုထားသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ယူကရိန်းဒရုန်း
#ရုရှားစစ်သား
#အညံ့ခံ








