မဲခေါင်၊ ဇန်နဝါရီ ၃
ယူကရိန်း ထောက်လှမ်းရေးတပ်ဖွဲ့ အကြီးအကဲ ကီရီလိုဘူဒါနော့ဗ်အား သမ္မတရုံး အကြီးအကဲအဖြစ် သမ္မတ ဇီလန်စကီးက ခန့်အပ်လိုက်သည်။
အကျင့်ပျက်ခြစားမှု ပြဿနာကြောင့် ယခင်က ၎င်း၏ ထိပ်တန်းလက်ထောက် နုတ်ထွက်ပြီးနောက် တစ်လအကျော်မှာပင် လူသစ်ခန့်အပ်ခြင်း ဖြစ်သည်။
“ဒီအချိန်မှာ ယူကရိန်းက လုံခြုံရေး ကိစ္စတွေကို ပိုပြီး အာရုံစိုက်ဖို့ လိုပါတယ်” ဟု ဘူဒါနော့ဗ်နှင့် ၎င်းတို့ ကိဗ်မြို့၌ တွေ့ဆုံနေသော ဓာတ်ပုံနှင့်အတူ ဇီလန်စကီးက လူမှုမီဒီယာပေါ်တွင် ရေးသားခဲ့သည်။
အသက် ၃၉ နှစ်အရွယ် ဘူဒါနော့ဗ်သည် ယခုချိန်ထိ ယူကရိန်း စစ်ဘက်ထောက်လှမ်းရေးကို ဦးဆောင်နေပြီး အလွန် ထိရောက်သော ရုရှားအပေါ် တိုက်ခိုက်မှုများကို ၎င်းအဖွဲ့က အဓိက ဦးဆောင်ခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ဒင်းနစ်ရှမီဟယ်၏ နေရာကိုလည်း ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးဝန်ကြီး မိုင်ခေလိုဖီဒိုရော့ဗ်ဖြင့် ဇီလန်စကီးက အစားထိုးလိုက်သည်။
ယခင် သမ္မတရုံးအကြီးအကဲ အန်ဒရေးယာမက်သည် ဇီလန်စကီး၏ ကာလရှည် မိတ်ဆွေဖြစ်သလို ရုရှား ကျူးကျော်မှုကာလ တစ်လျှောက်လုံးတွင် ဩဇာ ကြီးမားခဲ့သူ ဖြစ်ကာ စစ်ပွဲအဆုံးသတ်ရေး ရည်ရွယ်သော အမေရိကန်နှင့် ဆွေးနွေးမှုများကို ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။
ယခုအချိန်တွင် ယူကရိန်းအနေဖြင့် လုံခြုံရေးကိစ္စများ၊ ယူကရိန်း၏ ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆွေးနွေး ညှိနှိုင်းမှုများတွင် သံတမန်ရေး လမ်းကြောင်းအပေါ် ပိုအာရုံစိုက်ရန် လိုအပ်ပြီး ကီရီလိုသည် ထိုနယ်ပယ်များတွင် အထူးအတွေ့အကြုံ ရှိကာ ရလဒ်များ ထွက်အောင်လည်း လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု ဇီလန်စကီးက သောကြာနေ့ လူမှုမီဒီယာပို့စ်တွင် ရေးသားဖော်ပြသည်။
ယူကရိန်းသမ္မတရုံး အကြီးအကဲနေရာသည် အစဉ်အလာအားဖြင့် အလွန်ပင် ဩဇာအာဏာရှိသော နေရာ ဖြစ်ကာ တစ်ချိန်ကဆိုလျှင် သမ္မတရုံး အကြီးအကဲသည် သမ္မတကဲ့သို့ပင် အာဏာရှိခဲ့ကြောင်း သိရသည်။
အေးကျော်
Ref: BBC
#MeKongNews
#သမ္မတရုံး
#အကြီးအကဲ
#ထောက်လှမ်းရေး
#ဇီလန်စကီး








