မဲခေါင်၊ ဒီဇင်ဘာ ၃၀
လူသားကြိတ်စက်ကြီးဟု ခေါ်ရသည်အထိ အသေအပျောက် များသော ယူကရိန်းစစ်ပွဲအတွင်း ရုရှားအတွက် မိုင်းရှင်း၊ မိုင်းနင်းခိုင်းစေရန် ၎င်းတပ်သားများကို သောင်းချီ စေလွှတ်ခဲ့သည့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ၂၀၂၅ နှစ်သစ် နှုတ်ခွန်းဆက် စကားတွင် ပူတင်နှင့် ချည်နှောင်မှုသည် သွေး၊ ဘ၀နှင့် အသက်တို့ပင် ပေးကာ ချည်နှောင်မှုဟု ဂုဏ်ယူစွာ ထည့်သွင်းပြောဆိုသွားခဲ့သည်။
မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းအေဂျင်စီတွင် ဖော်ပြခဲ့မှုအရ အလွန် အဓိပ္ပာယ်ရှိသော နှစ်တစ်နှစ် ဖြစ်ခဲ့ကြောင်း၊ ရုရှားနှင့် နှစ်နိုင်ငံ မဟာမိတ်အဖြစ် ပေါင်းစည်းရမှုသည် သွေး၊ ဘ၀များနှင့် အသက်များကို မျှဝေပေါင်း စည်းခြင်း ဖြစ်သောကြောင့် ဂုဏ်ယူရကြောင်း၊ မိမိတို့ ပူးပေါင်းလိုက်ခြင်းကြောင့် ရုရှားကို မည်သူမျှ အနိုင် မရနိုင်တော့ကြောင်းနှင့် ထာ၀ရ မဟာမိတ်များ ဖြစ်ကြောင်း ကင်ဂျုံအန်က ပြောဆိုခဲ့သည်ဟု ဆိုသည်။
မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ဧပြီလက ယူကရိန်း စစ်မြေပြင်တွင် ရုရှားဘက်မှ တိုက်ခိုက်ရန် မြောက်ကိုရီးယား စစ်သားများ စေလွှတ်ပေးခဲ့သည်ဟု တရားဝင် ဝန်ခံကာ ရုရှားကို ကူညီမှုအတွင်း စစ်သည်များ သေဆုံးရခြင်းမှာ မြင့်မြတ်သည်ဟု ထုတ်ပြန်ခဲ့သေးသည်။
ယခုလဆန်းပိုင်းက ရရှားပိုင် ကာ့ချ်ဒေသအတွင်း ယူကရိန်းတပ်များ ဝင်သိမ်းခဲ့စဉ်က ထောင်ခဲ့သည့် မိုင်းများကို မြောက်ကိုရီးယား တပ်သားများက ရှင်းလင်းပေးသည့် တာဝန်ယူခဲ့ရာတွင် စစ်အင်ဂျင်နီယာ တပ်သား ၁၂ ယောက် သေဆုံးခဲ့ရသည် ဟုလည်း မြောက်ကိုရီးယားဘက်က ဝန်ခံခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ပူတင်
#ဘ၀
#အသက်သွေး
#ကင်ဂျုံအန်








