မဲခေါင်၊ ဒီဇင်ဘာ ၂၄
ရှမ်းပြည်၊ မိုင်းဆတ်မြို့နယ် လွယ်ဆမ်ဆုန် တောင်တက်လမ်းတွင် ယာဉ်တိမ်းမှောက်ခဲ့ရာ အမျိုးသမီး ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်ည ၆ နာရီတွင် မိုင်းဆတ်ဘက်မှ တာချီ လိတ်ဘက်သို့ မောင်းနှင်လာသည့် CENTER ကား လွယ်ဆမ်ဆုန် တောင်တက်လမ်းတွင် ဘရိတ်ပေါက်ပြီး တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
“ကားပေါ်မှာက ကျား ၃ ဦး မ ၃ ဦးပါတယ်။ အမျိုးသမီး ၂ ဦးကတော့ ကားမှောက်တဲ့နေရာမှာပဲ သေသွားတယ်၊ ကျန်တဲ့ ၄ ဦးက ဒဏ်ရာရတာပေါ့။ သူတို့ကိုတော့ မိုင်းဆတ်ဆေးရုံကို ပို့လိုက်ပါတယ်”ဟု ဖြစ်စဉ်ကို သိရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
ယာဉ်တိမ်းမှောက်မှုအတွင်း ဒဏ်ရာရရှိသည့် ၄ ဦးမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ၎င်းတို့ကို ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် မိုင်းဆတ်မြို့နယ် ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရင်းမြစ်ကပြောသည်။
အခင်းဖြစ်ရာတွင် မိုင်းဆတ်ခရိုင် မီးသတ်စခန်းမှ ကရိန်းကားတစ်စီး၊ မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ မိုင်းတွမ်းနယ်မြေ မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်တစ်စီးနှင့် မီးသတ် တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
#MeKongNews
#မိုင်းဆတ်
#ယာဉ်တိမ်းမှောက်မှု
#သေဆုံး
#လွယ်ဆမ်ဆုန်








