မဲခေါင်၊ ဒီဇင်ဘာ ၂၀
ဝန်ကြီးချုပ်ဟောင်း နှင့် အထက်လွှတ်တော် ဥက္ကဌ ဟွန်ဆန် ရာထူးမှ ဆင်းပေးရန် ပြည်ပတွင် တိမ်းရှောင်နေသော ကမ္ဘောဒီးယား အတိုက်အခံပုဂ္ဂိုလ် ဆမ်ရိန်ဆီက တောင်းဆိုလိုက်ကာ ခေါင်းဆောင်ပိုင်း ပြောင်းလဲမှုဖြင့်သာ ငြိမ်းချမ်းရေးနှင့် အမျိုးသား အချုပ်အခြာ ပြန်လည် ထူထောင်နိုင်မည်ဟု ဆိုသည်။
ဟွန်ဆန်သည် အမျိုးသား အကျိုးစီးပွားထက် ၎င်း၏ ပုဂ္ဂိုလ်ရေးနှင့် မိသားစု အကျိုးစီးပွားများကို ရှေ့တန်းတင်ခဲ့ကာ နိုင်ငံကို အန္တရာယ်များသော လမ်းကြောင်းပေါ် ဦးဆောင်ခဲ့သည်ဟု ဆမ်ရိန်ဆီက စွစ်စွဲ ပြောကြားသည်။
လက်ရှိ ကမ္ဘောဒီးယား – ထိုင်း အငြင်းပွားမှုမှာလည်း နှစ်နိုင်ငံ ပြည်သူများကြားက အငြင်းပွားမှု မဟုတ်ဘဲ ဟွန်ဆန် နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တို့ ပါဝင် ပတ်သက်သော ပုဂ္ဂိုလ်ရေး အငြင်းပွားမှုဟု ဆမ်က ဆိုသည်။
ကမ္ဘောဒီးယား နယ်နမိတ်အတွင်းမှ လုပ်ငန်း လည်ပတ်နေသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု ကွန်ရက်များကို ဟွန်ဆန်က အကာအကွယ် ပေးထားပြီး ယင်းအခြေအနေကြောင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကမ္ဘာ့အလယ် ရပ်တည်မှု ထိခိုက်ခဲ့ရကာ အရေးကြုံလာချိန်တွင် အထီးကျန် ဖြစ်စေခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
၁၉၉၁ ခုနှစ်က ပါရီငြိမ်းချမ်းရေး သဘောတူညီချက်များကို အပြည့်အဝ အကောင်အထည်ဖော်ရန် ငြင်းဆန်ခြင်းအတွက်လည်း ဟွန်ဆန်အား ၎င်းက ဝေဖန် ပြောကြားသည်။
ထိုသဘောတူညီချက်များသည် ကမ္ဘောဒီးယားနိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာနှင့် နယ်မြေတည်မြဲမှုကို အာမခံရာတွင် အလွန် အရေးပါသော်လည်း နက်ရှိုင်းစွာ အမြစ်တွယ်နေသော မိသားစုအုပ်ချုပ်မှု အဆုံးသတ်ရန် လိုအပ်ကြောင်း ဆိုသည်။
နောက်ထပ် သွေးထွက် သံယိုမှုများကို တားဆီးရန်နှင့် ငြိမ်းချမ်းရေး ပြန်ရရန် ဟွန်ဆန်ကို ရာထူးမှ ဖယ်ရှားပစ်ရန်လည်း ၎င်းက ကမ္ဘောဒီးယား နိုင်ငံသားများကို တိုက်တွန်းခဲ့သည်။
အေးကျော်
Thai Enquirer
#MeKongNews
#ဟွန်ဆန်
#ကမ္ဘောဒီးယား
#အတိုက်အခံ
#ရာထူးမှဆင်း








