မဲခေါင်၊ ဒီဇင်ဘာ ၂၀
ဥရောပသမဂ္ဂ – အီးယူ က ၎င်းတို့ပိုင်နက်များအတွင်းမှ ရုရှားပိုင်ဆိုင်မှုများကို သိမ်းဆည်းထားရာ ပေါင် ၁၈၀ ဘီ လီယံအား ယူကရိန်းထံ ပေးအပ်သွားရေး အကြိတ်အနယ် ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် မပေးနိုင်ခဲ့ဘဲ ၎င်းတို့ ဘတ်ဂျက်များထဲမှ ပေါင် ၇၆ ဘီလီယံသာ ထုတ်ပေးရန် ဆုံးဖြတ်ခဲ့သဖြင့် ပူတင်အတွက် ဘဝင်ခိုက်စရာ ဖြစ်ခဲ့ရသည်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ – IMF ၏တွက်ချက်မှုအရ ရုရှားနှင့် ၄ နှစ်တာ စစ်ပွဲဖြစ်ပွားနေသော ယူကရိန်း နောက်ထပ် ၂ နှစ်မျှ ဆက်လက် ရှင်သန်ရပ်တည်နိုင်ရန် ပေါင် ၁၂၀ ဘီလီယံ လိုအပ်သည်ဟု တွက်ချက် ထုတ်ပြန်ကာ လာမည့် နွေဦးကာလတွင်မှ အထောက်အပံ့ မရလျှင် အစိုးရ ဒေဝါလီခံရန်သာ ရှိတော့သည်ဟု ယူကရိန်းဘက်က ထုတ်ပြန်ကာ ငွေကြေးအကူအညီ တောင်းခံခဲ့ခြင်း ဖြစ်သည်။
အီးယူအနေဖြင့် ၎င်းတို့ ပိုင်ဆိုင်မှုများကို ယူကရိန်းထံ ပေးမည်ဆိုပါက သူခိုးအလုပ် လုပ်ခြင်းမျိုးသာ ဖြစ်ကာ ပေးခဲ့လျှင် ထိရောက်စွာ လက်စားချေမည်ဟု ရုရှားသမ္မတပူတင်က ခြိမ်းခြောက်ခဲ့ပြီးနောက် အီးယူသည် ရုရှားဆီမှ သိမ်းထားသည့် ပေါင်ဘီလီယံ ၁၈၀ အား ယူကရိန်းထံ ပေးရန် ဆုံးဖြတ်ချက် မချနိုင်ခဲ့ဘဲ နောက် ၂ နှစ်အတွက် ပေါင် ၇၆ ဘီလီယံသာ ချေးငွေအဖြစ် ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ အီးယူက ရုရှားထံမှ သိမ်းဆည်းထားမှုများကို ယူကရိန်းထံ မပေးရန်ဆုံးဖြတ်ချက်အပေါ် ပူတင်၏လက်ရုံး ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အထူးသံတမန် ကီရီဒီမီထရိဗ်က ထောက်ခံကာ ဥပဒေနှင့် ကျင့်ဝတ်ကို စောင့်ထိန်းခြင်း ဖြစ်သည်ဟု တုံ့ပြန် ပြောဆိုသွားခဲ့သည်။
ယူကရိန်းသမ္မတ ဇီလန်းစကီးကမူ ယခုကဲ့သို့ အီးယူ၏ တွန့်ဆုတ်မှုကြောင့် လပိုင်းအတွင်း မိမိတို့ ရန်ပုံငွေ ပြတ်လပ်ကာ စစ်ရေး ကြိုးပမ်းမှုများ အဟန့်အတား ဖြစ်စေခဲ့ပြီဟု စိတ်ပျက်စကားဆိုခဲ့သည်။
အီးယူနိုင်ငံများအတွင်း ရုရှား ပိုင်ဆိုင်မှုများကို အများဆုံး သိမ်းဆည်းထားသည့် ဘယ်လ်ဂျီယံနိုင်ငံ ကိုယ်တိုင်က ရုရှား၏ ပေါင် ဘီလီယံ ၁၈၀ အား ယူကရိန်းသို့ ပေးအပ်မှုကို ခါးသီးစွာ ငြင်းဆန်နေခဲ့သဖြင့် ယခုကဲ့သို့ ယူကရိန်းအတွက် ချေးငွေသဘောသာ ထုတ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ယူကရိန်းအတွက် စစ်ရေးအထောက်အပံ့များကို လျှော့ချ ဖြတ် တောက်လိုက်ပြီ ဖြစ်သောကြောင့် ယခုလို အီးယူခေါင်းဆောင်များ ထပ်မံ တွေဝေနေမှုသည် ရုရှားအား စစ်ရှုံးစေရန် ယူကရိန်းအတွက် အဓိကဖန်လာသော အကြောင်းအရာ ဖြစ်သည်ဟုလည်း သုံးသပ်နေကြသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှားပိုင်ဆိုင်မှု
#ယူကရိန်း
#အီးယူ








