မဲခေါင်၊ ဒီဇင်ဘာ ၁၉
ထိုင်းနိုင်ငံတွင် အရက်ထိန်းချုပ်ရေး ဥပဒေအရ စည်းမျဉ်းအသစ် တစ်ရပ်ကို ထုတ်ပြန်လိုက်ပြီး၊ ယင်းတွင် အရက်ရောင်းချသူများ အနေဖြင့် အမူးလွန်နေသည့် ဖောက်သည်များအား အရက် ထပ်မရောင်းရန် ပိတ်ပင်လိုက်သည်။
ထိုင်းတွင် အသက် ၂၀ မပြည့်သေးသူများအား အရက်ရောင်းချခြင်းကို ဆက်လက်၍ တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားဆဲဖြစ်ပြီး ယခု အသစ် ပြင်ဆင်လိုက်သော ဥပဒေအရ အမူးလွန်နေသူများအား အရက် ရောင်းချခြင်းကိုလည်း ထပ်မံ ပိတ်ပင်လိုက်ပြီ ဖြစ်သည်။
ယခုစည်းမျဉ်းသစ်ကို အရက်ထိန်းချုပ်ရေး ဥပဒေ ပုဒ်မ ၂၉ တွင် ဖြည့်စွက် ထည့်သွင်းထားခြင်း ဖြစ်သည်။
ယင်းစည်းမျဉ်းအရ အလွန်အကျွံ မူးယစ်နေသူအား အရက်ရောင်းချခဲ့ပြီးနောက် ထိုသူကြောင့် ပစ္စည်းပျက်စီးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းကဲ့သို့သော ထိခိုက်နစ်နာမှုများ ဖြစ်ပွားခဲ့ပါက အရက် ရောင်းချသူတွင်လည်း ပူးတွဲတာဝန်ရှိမည် ဖြစ်သည်။
ယင်းမှာ အရက် ရောင်းသူများသည် ဥပဒေကြောင်းအရ အရေးယူခံရနိုင်ရုံ သာမက နစ်နာကြေး ပေးလျော်ရန် တောင်းဆိုမှုများကိုပါ ရင်ဆိုင်ရနိုင်သည်ဟု အဓိပ္ပာယ်ရသည်။
သို့ရာတွင် ဝယ်သူက မည်မျှအထိ မူးယစ်နေကြောင်း မည်သို့ တရားဝင် တိုင်းတာရမည် ဆိုသည့် အချက်ကိုမူ ဥပဒေတွင် ရှင်းလင်းစွာ ပြဋ္ဌာန်းထားခြင်း မရှိသကဲ့သို့ သွေးတွင်း အယ်လ်ကိုဟော ပါဝင်မှုနှုန်း သို့မဟုတ် စစ်ဆေးရမည့် နည်းလမ်းကို အတိအကျ သတ်မှတ်ထားခြင်းလည်း မရှိပေ။
ထို့ကြောင့် ရောင်းချသူများ အနေဖြင့် ဝယ်သူက မူးယစ်နေခြင်း ရှိ၊ မရှိကို မိမိတို့၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့်သာ အကဲဖြတ်ရမည် ဖြစ်ပြီး လိုအပ်ပါက ရောင်းချပေးရန် ငြင်းဆန်ရမည် ဖြစ်သည်။
ယင်းစည်းမျဉ်းသစ်ကြောင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဥပဒေချိုးဖောက်မှု မဖြစ်စေရန် Craft Beer ကုန်သွယ်ရေးအသင်းမှ အကြံပြုချက် အချို့ကို ထုတ်ပြန်ထားသည်။
ယင်းအကြံပြုချက်များတွင် အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက သက်သေအဖြစ် အသုံးပြုနိုင်ရန် ဆိုင်များတွင် CCTV ကင်မရာများ တပ်ဆင်ထားရန်၊ ဝန်ထမ်းအားလုံးကို စည်းမျဉ်းသစ်များအကြောင်း ရှင်းလင်းစွာ ညွှန်ကြားထားရန်နှင့် အရက် ရောင်းချမှုဆိုင်ရာ ကန့်သတ်ချက်များကို ဝယ်သူများ သိရှိစေရန် မြင်သာသော နေရာများတွင် အသိပေး ဆိုင်းဘုတ်များ ချိတ်ဆွဲထားရန်တို့ ပါဝင်သည်။
ဆက်စပ်သတင်း အနေဖြင့် ပုဂ္ဂလိကကဏ္ဍ၏ တောင်းဆိုမှုများကြောင့် အရက်သောက်သုံးခွင့် အချိန်ကို ယခင် သတ်မှတ်ချက် သန်းခေါင်ယံမှ နံနက် ၁ နာရီအထိ အချိန် တိုးမြှင့်ပေးရန် အမျိုးသား အရက်မူဝါဒကော်မတီက နိုဝင်ဘာလအတွင်း အတည်ပြုခဲ့သည်။
သို့သော်လည်း အရက်မူးပြီး ယာဉ်မောင်းခြင်းကြောင့် ဖြစ်ပွားသော မတော်တဆမှု အရေအတွက် မြင့်မားနေသည့် ကိန်းဂဏန်း အချက်အလက်များကို ကိုးကား၍ အချိန် ထပ်တိုးပေးရန် တောင်းဆိုချက်များကိုမူ ကော်မတီက ပယ်ချခဲ့သည်။
လက်ရှိတွင် အရက်၊ ဘီယာ ရောင်းချသည့်ဆိုင်များ၊ ဘားများနှင့် ဖျော်ဖြေရေးကဏ္ဍများတွင် အရက်သေစာကို နေ့စဉ် နံနက် ၁၁ နာရီမှ သန်းခေါင်ယံအထိ ရောင်းချခွင့်ပြုထားကြောင်း သိရသည်။
ယင်းမှာ မွန်းလွဲပိုင်း အရက်ရောင်းချခွင့် ပိတ်ပင်ထားမှုကို ယာယီပယ်ဖျက် ပေးထားသည့် ခြောက်လတာ စမ်းသပ်ကာလအတွင်း သတ်မှတ်ထားသော အချိန်ဖြစ်သည်။
ဥပဒေအရ ခွင့်ပြုထားသည့် အချိန်ပြင်ပတွင် အရက်ဝယ်ယူသူများသည် ဘတ် ၁၀၀၀၀ အထိ ဒဏ်ရိုက်ခြင်း ခံရနိုင်သည်။
Ref:The Thaiger
#MeKongNews
#ထိုင်း
#ရေချိန်ကိုက်
#ဖောက်သည်
#အရက်
#ပိတ်ပင်








