ပြီးခဲ့သည့် တစ်ပတ်တွင် ဗင်နီဇွဲလား ရေနံတင်သင်္ဘောကို အမေရိကန် ကွန်မန်ဒိုတပ်များက ရဟတ်ယာဉ်များဖြင့် စီးနင်း သိမ်းပိုက်ခဲ့ပြီးနောက် ယခု နောက်ဆုံး ဗင်နီဇွဲလား သမ္မတမာဂျူရိုအား ဒေါ်နယ်ထရမ့်က ထပ်မံ ဖိအားပေးသည့် အနေဖြင့် ပိတ်ဆို့အရေးယူ ခံထားရသမျှ မည်သည့် ရေနံတင်သင်္ဘောမဆို ဗင်နီဇွဲလားသို့ ဝင် ထွက်ခွင့် အားလုံး ပိတ်ပင်လိုက်သည်ဟု ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန် ကြေညာလိုက်သည်။
ကာရစ်ဘီယံ ပင်လယ်ပြင်တွင် အမေရိကန်ရေတပ် စစ်သင်္ဘောများစွာသည် ဗင်နီဇွဲလားအား ဝန်းရံ ပိတ်ဆို့ထားပြီး မူးယစ်ဆေးဝါးများ အမေရိကသို့ အများဆုံးတင်ပို့ရာ ဗင်နီဇွဲလားခေါင်းဆောင် မာဂျူရိုအား ဝင်ရောက် တိုက်ခိုက်ခြင်း မပြုသေးဘဲ အသက်ရှူ ကျပ်စေရန် တစ်ခုပြီးတစ်ခု ပိတ်ဆို့လာခြင်းလည်း ဖြစ်သည်။
“ ရေနံ လုပ်ကွက်တွေကနေ ခိုးလာတဲ့ ရေနံတွေကို အသုံးချပြီး ငွေရှာတယ်။ မူးယစ်အကြမ်းဖက်မှု တွေလုပ်တယ်၊ လူမှောင်ခိုကူးတယ်၊ လူသတ်တယ်၊ ပြန်ပေးဆွဲတယ်။ ဘိုင်ဒန်အုပ်ချုပ်စဉ် ကာလတုန်းက ဒီမကောင်းဆိုးဝါး မဟာမိတ်တွေဟာ အမေရိကန် နိုင်ငံအတွင်း ဒီလို ရာဇဝတ်မှုတွေ တွင်တွင် ကျူးလွန်နေခဲ့လို့ ပြင်းထန်တဲ့ အကျိုး ဆက်အတွက် ပြန်ပေးဆပ်ရမှာပါ။ အမေရိကန်ဟာ ရာဇဝတ်မှုတွေကို လက်မခံဘူး။ အကြမ်းဖက်တွေ၊ ဓားပြတွေကို လက်မခံသလို ရေနံသူခိုးတွေကိုလည်း လက်မခံဘူး။ ဒါကြောင့် ပိတ်ပင်ထားတဲ့ ဘယ်ရေနံတင် သင်္ဘောမှ ဗင်နီဇွဲလားကို ဝင်ထွက်ခွင့် မပြုတော့ဘူး” ဟု ထရမ့်က ၎င်း၏ လူမှုကွန်ရက် Truth Social တွင် ရေးတင်ခဲ့သည်။
အမေရိကန်သည် ဗင်နီဇွဲလားအား မူးယစ်မှောင်ခိုတင်သွင်းသည့် အဓိကတရားခံအဖြစ် သတ်မှတ်သည် ဟုဆိုကာ လပေါင်းများစွာ ပင်လယ်ပြင်တွင် ပိတ်ဆို့ပြီး မူးယစ်လှေများကို ဖောက်ခွဲ တိုက်ခိုက်နေရာ ယခုရက်ပိုင်းအတွင်း လူ ၈ ဦးပါဝင်သော လှေတစ်စင်းကို ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လိုက်ပါသူအားလုံး သေဆုံးခဲ့ရသည်။
မူးယစ်တင်လှေဟု သတ်မှတ်သည် ဆိုသော်လည်း မူးယစ် ဆေးများ တင်ဆောင်လာသည် ဆိုသော သက်သေကို အမေရိကန်ဘက်မှ မထုတ်ပြန်ဘဲ ယခုလည်း ရေနံတင် သင်္ဘောများကိုပါ ပစ်မှတ်ထား သိမ်းဆည်း ပိတ်ပင်လာခြင်းကြောင့် မူးယစ်ဆေးနှင့် မဆိုင်သည့် စစ်ဆင်ရေးများကိုပါ လုပ်ဆောင်နေကာ မာဂျူရိုကို ဗင်နီဇွဲလား သမ္မတအဖြစ်မှ ဖယ်ရှားပစ်ရန် ရည်ရွယ် လုပ်ဆောင်နေကြောင်း ထင်ရှားလာသည်။
ဒီဇင်ဘာလမှ စတင်ပြီး မူးယစ်လှေပေါင်း ၂၃ စီးကို အမေရိကန်ဘက်မှ ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ရာ လူပေါင်း ၈၇ ယောက်သေဆုံးခဲ့သဖြင့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်နေသည်ဟုလည်း နိုင်ငံကြီးတချို့က ပြစ်တင် ဝေဖန်နေကြသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဗင်နီဇွဲလား
#ရေနံတင်သင်္ဘော
#ဒေါ်နယ်ထရမ့်
#မာဂျူရို








