မဲခေါင်၊ ဒီဇင်ဘာ ၁၆
ဩစတြေးလျနိုင်ငံ၊ ဘွန်ဒိုင်းကမ်းခြေ၌ ဂျူးလူမျိုးများ၏ ပွဲလမ်းသဘင်ဖြစ်သော ဟာနုကာပွဲတော် ကာလအတွင်း ဒီဇင်ဘာ ၁၄ ရက်တွင် အစ္စလာမ်ဘာသာဝင် သားအဖနှစ်ဦးက မဲမဲမြင်မြင်ရာ သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့မှုမှာ ဆစ်ဒနီအနောက်ပိုင်း မွတ်ဆလင် သုဿာန်တစ်ခုတွင် ဝက်ခေါင်းများဖြင့် ပစ်ပေါက်ရာမှ အစပျိုးခဲ့ပြီး အကြမ်းဖက်မှု ဖြစ်စေရန် နောက်ကွယ်မှ အီရန် ကြိုးကိုင်ခဲ့ကြောင်း အစ္စရေး ထောက်လှမ်းရေး က စွပ်စွဲခဲ့သည်။
ယင်းဖြစ်စဉ်တွင် အနည်းဆုံး ၁၆ ယောက်သေဆုံးပြီး အသက်အန္တရာယ် စိုးရိမ်ရသော ၅ ဦး အပါ ဒဏ်ရာရသူ ပေါင်း ၄၀ ကျော်ရှိခဲ့သည်။
ကျည်ဆံပေါင်း ၁၀၃ တောင့် ပစ်ခတ်ခဲ့သည့် သားအဖသည် အိုင်အက်စ်အတွက် သစ္စာခံထားသူများ ဖြစ်သည့် ၅၀ နှစ်အရွယ် ဆာဂျစ်အက်ကရန်နှင့် သားဖြစ်သူ နာဗီအက်ကရန်တို့ဖြစ်ပြီး ဖခင်အာဂျစ်မှာမူ ပစ်ခတ်မှုများ ကြောင့် သေဆုံးခဲ့ရသည်။
၂၀၂၃ ခုနှစ်က ဂါဇာကို အစ္စရေးဝင်ရောက် တိုက်ခိုက်ပြီး နောက်ပိုင်း ဟားမက်စ်၊ ဟစ်ဇ်ဘိုလာနှင့် အိုင်အက်စ်များက သပ်လျှိုရန် ဩစတြေးလျသို့ ပို့ထားသည့် ဘာသာဝင်များက မကြာခဏဆိုသလို ဂျူးအသိုင်းအဝိုင်း များအား အကြမ်းဖက်ခဲ့ကြပြီး ယခုလည်း အခင်းမဖြစ်ပွားမီ မွတ်ဆလင် သုဿာန်တစ်ခုတွင် ဝက်ခေါင်းများဖြင့် ဘာသာရေး စော်ကားမှုအဖြစ် ပစ်ပေါက်ထားရာမှ အမုန်းတရားဖြင့် ယခုကဲ့သို့ ဖြစ်စဉ် ဖြစ်လာရ ကြောင်း ဆစ်ဒနီဒေသခံ မွတ်ဆလင် ဘာသာရေးခေါင်းဆောင် အာမက်ဟရိုင်ချီးက ပြောသည်။
ဝက်ခေါင်းဖြင့်ပေါက်သူသည် ယခု အကြမ်းဖက်မှု တရားခံများထဲ ထည့်ရမည့်သူ ဖြစ်ပြီး အကြမ်းဖက်သော မှားယွင်းသည့် လက်စားချေသူ သားအဖကိုလည်း မွတ်ဆလင် ဘာသာဝင်အဖြစ် အသိအမှတ် မပြုနိုင်သဖြင့် မွတ်ဆလင် ဘာသာရေး ထုံးတမ်းနှင့်အညီ နာရေးအခမ်းအနား ကျင်းပပေးမည် မဟုတ်ဟု ၎င်းက ဆိုခဲ့သည်။
ယခု အကြမ်းဖက်မှုကို ဩစတြေးလျသို့ ခိုလှုံ ရောက်ရှိနှင့်ပြီးသော ဟစ်ဇ်ဘိုလာအဖွဲ့ဝင် လျှို့ဝှက်နေထိုင်သူ သားအဖအား လူအများအပြားကို သတ်ဖြတ်ရန် အီရန် အမျိုးသားအစောင့်တပ် – IRGC က နောက်ကွယ်မှ စေခိုင်းခြင်း ဖြစ်သည်ဟု အစ္စရေး ထောက်လှမ်းရေး – ASIO အဖွဲ့အကြီးအကဲ မိုက်ဘားဂက်စ်က စွပ်စွဲခဲ့သည်။
ယင်းဖြစ်စဉ်တွင် သူရဲကောင်းဖြစ်ခဲ့သူမှာ ဒေသခံ မွတ်ဆလင်လူမျိုး စျေးဆိုင်ပိုင်ရှင် အာမက်အယ်လ်အာ မက် ဆိုသူ ၄၂ နှစ်အရွယ် အမျိုးသားဖြစ်ကာ သေနတ်ဖြင့် ပစ်ခတ်နေသူ နာဗီကို လက်ဗလာဖြင့် ဝင်လုံးပြီး သေနတ် လုယူနိုင်ခဲ့ကာ အရှင်ဖမ်းဆီး နိုင်ခဲ့စေသည်။
၎င်း၏ လက်ကိုလည်း ကျည် ၅ ချက်ထိထားပြီး သေနတ်ရချိန်တွင် နာဗီအက်ကရန်ကို သေနတ်ဖြင့် အရင် ချိန်ခဲ့သော်လည်း ခလုတ်မညှစ်ဘဲ လက်ရှောင်လိုက်ခြင်း ဖြစ်သည်။
ကိုကလင်း
Ref: Thesun
#ဘွန်ဒိုင်းကမ်းခြေ
#အကြမ်းဖက်မှု
#အီရန်
#အစ္စရေး
#စွပ်စွဲ








