မဲခေါင်၊ ဒီဇင်ဘာ ၁၁
ထိုင်း – ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲသည် ယမန်နေ့ တစ်ညလုံး ကောင်းကင်ပြင် နီရဲနေသည်အထိ ပြင်းထန်ခဲ့ကာ ယနေ့ ဒီဇင်ဘာ ၁၁ ရက် နံနက်အစောပိုင်း၌ ကမ္ဘောဒီးယားဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထိုင်း စစ်သား ၂ ဦး ထပ်မံ ကျဆုံးကြောင်း ထိုင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ကျဆုံး စစ်သည် ၂ ဦးမှာ ချန်ချိုင်းနှင့် သာနာခွန်းတို့ ဖြစ်ကာ နှစ်ဖက်ထိတွေ့ တိုက်ပွဲဇုန် ၂ ခုအတွင်း ကျဆုံးရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
၃ ရက်ကြာ တိုက်ပွဲပြန်လည်ဖြစ်ပွားမှုတွင် ထိုင်းစစ်တပ်ဘက်မှ ကျဆုံးသူ ၉ ဦးအထိ ရှိလာပြီဟုလည်း သတင်းများက ဆိုသည်။
ယမန်နေ့ တစ်ညလုံး နယ်စပ်ဒေသများဖြစ်သည့် ချွန်ဘွတ်၊ ချွန်ဆာငန်၊ ချွန်အန်မာ၊ ပရာဆတ်ခါနာ၊ ပရာဆက်တာ ကူဝေနှင့် ပရီယာဝိဟီယာတို့တွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားပြီး လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။
ထို့ပြင် ထိုင်းစံတော်ချိန် ည ၁၀ နာရီ ၄၂ မိနစ်တွင် ကမ္ဘောဒီးယားဘက်မှ လက်နက်ကြီးများ၊ မော်တာများဖြင့် ဆက်တိုက် ပစ်ခတ်ကာ အဓိကနယ်စပ် နေရာများသို့ ဒရုန်းများဖြင့် ကင်းထောက်မှုများလည်း လုပ်ဆောင်ခဲ့သည်။
ထို့ကြောင့် ထိုင်းဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ရာ ကမ္ဘောဒီးယားဘက်ခြမ်းမှ စစ်စခန်းများစွာ ပျက်စီးသဖြင့် သေဆုံးမှုလည်း များပြားနိုင်မည်ဟု ထိုင်းမီဒီယာများက ဖော်ပြသည်။
ဆာရင်ခရိုင်၊ ခပ်ချိုအန်ရှိ ချောင်ဘာယီဖစ်ဒန်း နယ်မြေကို ထိုင်းစစ်သားများ ခြေလျင်တက် သိမ်းပိုက်နိုင်ခဲ့ကြောင်းလည်း သိရသည်။
ဘူရီယမ်ခရိုင်တွင်လည်း ကောင်းကင်တစ်ခုလုံး နီရဲနေပြီး ကမ္ဘောဒီးယားဘက်မှ တန်ပြန် ထိုးစစ်အဖြစ် လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သည်။
၂၀၂၅ ခုနှစ် နှောင်းပိုင်းမှ စတင်ခဲ့သော ထိုင်း – ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲတွင် ယခုတစ်ကြိမ် ထပ်မံ ဖြစ်ပွားမှုက ပိုမိုပြင်းထန်ကာ ကမ္ဘောဒီးယားနယ်စပ်ရှိ ကာစီနိုအဆောက်အအုံနှင့် ချွန်ဆာတာကူ နယ်စပ်ဂိတ် အနီးမှ ရေနံလှောင်ကန်ကြီးလည်း ထိုင်းဖိုက်တာဂျက်များ တိုက်ခိုက်မှုကြောင့် ပေါက်ကွဲ ပျက်စီးခဲ့ပြီဖြစ်သည်။
#MeKongNews
#ထိုင်းစစ်သား
#ကျဆုံး
#ညတိုက်ပွဲ
#ကမ္ဘောဒီးယား








