မဲခေါင်၊ နိုဝင်ဘာ ၂၆
နှစ်ပေါင်း ၃၀၀ အတွင်း အဆိုးရွားဆုံးသော မိုးရွာသွန်းမှုကြောင့် ထိုင်းတောင်ပိုင်း ခရိုင် ၁၀ ခုစလုံး ရေလွှမ်းမိုးမှုဖြစ်ပေါ်နေရာတွင် သေဆုံးသူ ၁၈ ယောက်ရှိခဲ့ပြီဖြစ်ကြောင်းနှင့် ဟတ်ရိုင်ဆေးရုံမှ လူနာ ၉၀ ကို ရဟတ်ယာဉ်ဖြင့် အရေးပေါ် ရွှေ့ပြောင်းပေးရကာ ဟက်ရိုင်ခရိုင်တွင် ကယ်ဆယ်မှုများလုပ် ဆောင်နေသည့် ရဟတ်ယာဉ် တစ်စီးလည်း ပျက်ကျခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၂ ရက်မှ ၂၅ ရက်အတွင်း ရေကြီးမှုကြောင့် သေဆုံးသူ ၁၄ ဦးရှိသည်ဟု ဟက်ရိုင်ဆေးရုံမှ ထုတ်ပြန်ခဲ့ပြီး အခြားခရိုင်များမှ သေဆုံးမှုနှင့်ပေါင်းလျှင် ၁၈ ဦးရှိလာခြင်းဖြစ်သည်။
ဆောင်ခလာခရိုင်၊ ဟက်ရိုင်တွင် မသေဆုံးသေးသော်လည်း ဘာလုပ်ရမှန်းမသိတော့ဘဲ ပိတ်မိကာ အကူအညီမဲ့နေသူ ၃၀ ရှိကြောင်း ဖေ့စ်ဘုတ်ပေ့ချ် Boonsri Kame တွင် တင်ထားသည်ကိုလည်း ထိုင်းမီဒီယာများက ပျံ့နှံ့စေရန် တင်ပြပေးနေသည်။
ခရိုင် ၁၀ ခုလုံးရေလွှမ်းမိုးသည်ဒဏ် အလူအလဲခံနေရသဖြင့် ထိုင်း HTMS Chakri Naruebet စစ်သင်္ဘောသည်လည်း ၂၄ နာရီအကူအညီပေးနိုင်ရေး အင်တိုက်အားတိုက် ပါဝင်ကြိုးစားနေသော်လည်း ကူညီကယ်ဆယ်မှုမရောက်နိုင်သည့် နေရာများစွာ ရှိနေရာ ဟက်ရိုင်တွင် သက်ကြီးအဖွားအို တစ်ဦး နေအိမ်အတွင်း ရက်များစွာ ပိတ်မိနေရာမှ သေဆုံးခဲ့ရပြီး သမီးဖြစ်သူကို ကယ်တင်နိုင်ခဲ့ သော်လည်း သေဆုံးနေသည့်အဖွားကို သမီးဖြစ်သူက ရေခဲသေတ္တာအတွင်း ထည့်ထားခဲ့ရသည့် ဖြစ်စဉ် လည်း ရှိခဲ့သည်။
နိုဝင်ဘာ ၂၅ ရက်ကလည်း ဟက်ရိုင်ခရိုင်မှ လူနာ ၉၀ ကို ရဟတ်ယာဉ်ဖြင့် အရေးပေါ် ရွှေ့ပြောင်းခဲ့ရ သည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကာ နိုဝင်ဘာ ၂၆ ရက်တွင် ရေဘေးအန္တရာယ် အများဆုံးခံစားနေရသည့် ဆောင်ခလာခရိုင် ဟက်ရိုင်၌ ကူညီကယ်ဆယ်ရေးလုပ်နေသော ရဟတ်ယာဉ် တစ်စီးလည်းဆီကာရန် ဆေးရုံအနီးပျက်ကျခဲ့ကြောင်း သိရသည်။
ဒေသစံတော်ချိန် မနက် ၁၁ နာရီဝန်းကျင်တွင် ပျက်ကျကြောင်း ဒေသခံများက ဆိုသော်လည်း ထိုင်းအာဏာပိုင်များက အတည်ပြု ထုတ်ပြန်ခြင်းမရှိသေးပေ။
တစ်ရက်လျှင် မိုးရေချိန် ၃၃၅ မီလီမီတာနှုန်းဖြင့် တစ်ပတ်နီးပါး ရွာသွန်းကာ နှစ်ပေါင်း ၃၀၀ အတွင်းမိုးရေချိန် အများဆုံးရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံတောင်ပိုင်း ရေကြီးမှုတွင် လူဦးရေ ၂ သန်းကျော်် ရေဘေးဒုက္ခများခံစားနေရသည်။
ကိုကလင်း
Ref: Khaosod&Bangkokpost
#MeKongNews
#ထိုင်းတောင်ပိုင်း
#ရေကြီးနစ်မြုပ်
#ကယ်ဆယ်ရေး
#ရဟတ်ယာဉ်








