မဲခေါင်၊ နိုဝင်ဘာ ၂၂
ပြီးခဲ့သည့်တစ်ပတ်လုံး ဗီယက်နမ်အလယ်ပိုင်းဒေသတွင် မိုးအလွန်သည်းထန်စွာရွာသွန်းပြီး ရေကြီးမှု ဆိုးရွားစွာဖြစ်ပွားခြင်းနှင့်မြေပြိုမှုများကြောင့် သေဆုံးသူပေါင်း ၅၅ ယောက်ရှိသွားပြီဖြစ်ကာ ၁၃ ယောက် ပျောက်ဆုံး နေဆဲဖြစ်သည်ဟု နိုဝင်ဘာ ၂၂ ရက်၌ ဗီယက်နမ်သဘာ၀ဘေးအန္တရာယ်အေဂျင်စီက ထုတ်ပြန်သွားခဲ့ သည်။
ပြီးခဲ့သည့်တစ်ပတ်အတွင် ဗီယက်နမ်အလယ်ပိုင်းတချို့သော ဒေသများတွင် မိုးရေချိန်သည် ၁၉၀၀ မီလီမီတာ(၇၄ . ၈ လက်မ) အထိ သည်းထန်စွာရွာသွန်းခဲ့ခြင်းဖြစ်သည်။
ဗီယက်နမ်အလယ်ပိုင်းဒေသသည် ကော်ဖီထုတ်ကုန်များအဓိက ထွက်ရှိရာဒေသဖြစ်သလို ကျော်ကြားသည့် ပင်လယ်ကမ်းခြေများ ရှိသော်လည်း မကြာခဏ မုန်တိုင်းဒဏ်များခံရပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသည်။
ယခုတစ်ကြိမ်တွင် ဒက်ခ်လက်ခရိုင်၌ လူနေအဆောက်အအုံ တစ်ဝက်နီးပါး ပျက်စီးဆုံးရှုံးပြီး ၂၄ ဦး သေဆုံးခဲ့ရကာ ခန်းဟွာခရိုင်တွင် ၁၄ ယောက်သေဆုံးခဲ့သည်။
ဗီယက်နမ်အစိုးရက ပျက်စီးဆုံးရှုံးမှု ပမာဏကို ပျမ်းမျှတွက်ချက်ထားရာတွင် ဒေါင် ၈ . ၉၈ ထရီလီယံ (စင်ကာပူဒေါ်လာ ၄၄၅ သန်း) တန်ကြေးရှိမည်ဟု ထုတ်ပြန်သည်။
ဗီယက်နမ်သဘာ၀ဘေးအန္တရာယ်အေဂျင်စီက ယခုရေကြီးမှုကြောင့် နေအိမ်ပေါင်း ၂၃၅၀၀၀ ရေမြုပ် ခဲ့ပြီး စိုက်ပျိုးမြေ ဟက်တာ ၈၀၀၀၀ ကျော်လည်း ရေလွှမ်းမိုးပျက်စီးခဲ့ရသည်ဟု ဆိုသည်။
ကိုကလင်း
Ref: asiaone
#MeKongNews
#အာဆီယံ
#ဗီယက်နမ်
#မိုးသည်းထန်
#ရေကြီးရေလျှံ








