မဲခေါင်၊ နိုဝင်ဘာ ၁၈
မနှစ်က ကျောင်းသားများဆန္ဒပြမှုတွင် လူပေါင်းရာနှင့်ချီသေဆုံးသည်အထိ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုဖြင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို ဒါကာရှိ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ ခုံရုံးက နိုဝင်ဘာ ၁၈ ရက်နှောင်းပိုင်း၌ သေဒဏ် စီရင်ချက်ချခဲ့သည်။
၂၀၂၄ ခုနှစ်က ဇူလိုင်နှင့် ဩဂုတ်လအကြား ကျောင်းသားများဆန္ဒပြမှုများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြမ်းဖက်နှိမ်နင်းသဖြင့် လူပေါင်း ၈၀၀ ကျော်သေဆုံးပြီး ၁၄၀၀၀ ကျော်ဒဏ်ရာရခဲ့သည်ဟု လက်ရှိ ယာယီအစိုးရကျန်းမာရေးဝန်ကြီးဌာန အတိုင်ပင်ခံက ထုတ်ပြန်ခဲ့သော်လည်း ဖေဖော်ဝါရီလက ကုလသမဂ္ဂအစီရင်ခံစာတစ်ရပ်တွင် သေဆုံးသူသည် ၁၄၀၀ အထိရှိခဲ့သည်ဟု သိရှိရသည်။
နိုင်ငံအာဏာကို ၁၅ နှစ်ကြာ ချုပ်ကိုင်ခဲ့ပြီး နောက်ဆုံးအသက်လုကာ ထွက်ပြေးခဲ့ရသော ဟာဆီနာ က ယခုပြစ်ဒဏ်နှင့်ပတ်သက်ပြီး တရားမျှတမှုမရှိကြောင်း၊ ထိန်းချုပ်နိုင်မှုမရှိတော့သည့်အခြေအနေတွင် နိုင်ငံသားများအား ထိန်းချုပ်နိုင်ရေး ကြိုးစားမှု၌ ကြိုတင်စီစဉ် သတ်ဖြတ်သည်ဟု သတ်မှတ်ခြင်းမှာ အယူအဆ၊ အချက်အလက်အများအယွင်းသာဖြစ်သည်ဟု ကန့်ကွက်ထုတ်ပြန်ခဲ့သည်။
တရားရုံးက ဟာဆီနာနှင့်အတူ အိန္ဒိယသို့ ထွက်ပြေးသွားခဲ့သည့် ပြည်ထဲရေးဝန်ကြီးဟောင်း အဆာဒက်ဇ်မန်းခန်းကိုလည်း ဆန္ဒပြသူများစွာကို သတ်ဖြတ်ခဲ့မှု၏ ပူးတွဲတရားခံအဖြစ် သေဒဏ် ပေးခဲ့ကာ အပြစ်ရှိကြောင်းဝန်ခံကာ စုံစမ်းစစ်ဆေးမှုတွင် သက်သေအဖြစ် ထွက်ဆိုပေးခဲ့သည့် ရဲချုပ် ဟောင်းတစ်ဦးကိုမူ ထောင်ဒဏ် ၅ နှစ်သာ ချမှတ်လိုက်သည်။
ယင်းအမိန့်တွင် အိန္ဒိယ၌ ခိုလှုံနေသော ဟာဆီနာနှင့်အဆာဒက်ဇ်မန်းခန်းတို့ လာရောက်အဖမ်းမခံပါက အယူခံဝင်ခွင့်ပါမရှိဘဲ စီရင်ချက်ချအပြီး ရက် ၃၀ အတွင်း လာရောက်အဖမ်းခံရမည်ဟု ထုတ်ပြန်ခဲ့သည်။
လက်ရှိ ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ကို ၂၀၂၄ ဩဂုတ် ၅ ရက်နေ့မှစတင်ကာ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် မူဟာမက်ယူနွတ်စ်က ဦးဆောင်နေပြီး ဟာဆီနာအား ပြတ်သားစွာအရေးယူခြင်းနှင့်အတူ ၎င်း၏ Awami League ပါတီကို ပိတ်ပင်သွားမည်ဟု ကျိန်ဆိုပြောကြားထားသည်။
Awami League ပါတီသည် ဟာဆီနာအား ပြည်သူရွေးကောက်တင်မြှောက်သော ရွေးကောက်ပွဲနိုင် ပါတီအဖြစ် ဦးဆောင်နိုင်ခဲ့ကာ ထောက်ခံသူအင်အားများပြားပြီး ယခုလို ဟာဆီနာအား သေဒဏ်ပေးမှုကြောင့် ထိုနေ့မှာပင် တစ်နိုင်ငံလုံး လုပ်ငန်းမှန်သမျှ ရပ်ဆိုင်ခြင်းဖြင့် ဆန္ဒပြရန် လှုံ့ဆော်ခဲ့သည်။
ကိုကလင်း
Ref: morningstaronline
#MeKongNews
#အိန္ဒိယ
#ဘင်္ဂလားဒေ့ရှ်
#ဟာဆီနာ
#ရာဇဝတ်မှု








