ယခုသီတင်းပတ်အတွင်း အမေရိကန် ထိပ်ပိုင်းတာဝန်ရှိသူတို့၏ အကျဉ်းချုပ် ရှင်းလင်းတင်ပြချက်များ နှင့်အတူ ကာရစ်ဘီယံဒေသတွင်း အမေရိကန်၏ စစ်အင်အားပြမှု တိုးလာခဲ့ပြီးနောက် ဗင်နီဇွဲလားအရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချပြီးဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က အရိပ်အမြွက် ပြောကြားသည်။
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုအား ရာထူးမှဖယ်ရှားရန် အရှိန်မြှင့်ထားသော စစ်ဆင်ရေးတစ်ခု စတင်ခြင်း၏ အန္တရာယ်များနှင့် အကျိုးသက်ရောက်မှုများကို သမ္မတထရမ့်က ချိန်ဆနေချိန်တွင်၊ ဗင်နီဇွဲလားအတွင်း စစ်ရေးလှုပ်ရှားမှုများအတွက် ရွေးချယ်စရာများကို အမေရိကန်အရာရှိများက ၎င်းအား ယခု သီတင်းပတ်အတွင်း အကျဉ်းချုပ် ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရင်းမြစ်လေးဦးက CNN သို့ ပြောကြားသည်။
ထိုစဉ် ပင်တဂွန်စစ်ဌာနချုပ်က “ ဒက္ခိဏလှံတံစစ်ဆင်ရေး” ဟု အမည်ပေးထားသည့် စစ်ဆင်ရေး၏ တစ်စိတ်တပိုင်းအနေဖြင့် စစ်သင်္ဘောတစ်ဒါဇင်ကျော်နှင့် စစ်သည်အင်အား ၁၅၀၀၀ ကျော်ကို ကာရစ်ဘီယံဒေသအတွင်း အမေရိကန်စစ်တပ်က စုစည်းထားခဲ့သည်။
ရွှေ့ပြောင်းနေထိုင်သူများနှင့် မူးယစ်ဆေးဝါးများ တရားမဝင်စီးဆင်းမှုကို လျှော့ချရန် ကြိုးပမ်းမှုများနှင့် ဗင်နီဇွဲလားအစိုးရ အပြောင်းအလဲ ဖြစ်နိုင်ခြေရှိခြင်းတို့နှင့် ပတ်သက်၍ ရှေ့ဆက်မည့်လမ်းကြောင်းတစ်ခု ပိုမိုနီးစပ်လာပြီ ဖြစ်ကြောင်း ထရမ့်က သောကြာနေ့တွင် အရိပ်အမြွက် ပြောကြားခဲ့သည်။
“ကျွန်တော် ဆုံးဖြတ်ချက် ချပြီးသွားပါပြီ၊ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒါ ဘာလဲဆိုတာ မပြောနိုင်ပေမဲ့ တစ်မျိုးတဖုံတော့ ဆုံးဖြတ်ချက် ချပြီးသွားပါပြီ” ဟု ၎င်းက Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များအား ပြောကြားသည်။
ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက် နှင့် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ကြီးဒန်ကိန်းတို့ ပါဝင်သည့်အစုအဖွဲ့က သမ္မတအား အခြေအနေများကို ဗုဒ္ဓဟူးနေ့တွင် အကျဉ်းချုပ် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီ နှင့် အခြားသော ထိပ်တန်းအရာရှိများ ပါဝင်သည့် ပိုမိုကြီးမားသော အမျိုးသားလုံခြုံရေးအဖွဲ့သည် ကြာသပတေးနေ့တွင် ကွပ်ကဲရေးခန်းမ၌ ထရမ့်နှင့် တွေ့ဆုံခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားသည်။
ယင်းအစည်းအဝေး နှစ်ခုစလုံးတွင် ထရမ့်နှင့်အဖွဲ့က ပစ်မှတ်ရွေးချယ်မှုများကို ပြန်လည်သုံးသပ်ခဲ့ကြသည် ဟု ဆိုသည်။
ဗင်နီဇွဲလားအတွက် စစ်ဘက်၊ သို့မဟုတ် အစိုးရအဆောက်အအုံများနှင့် မူးယစ်ဆေးဝါး ကုန်ကူးမှုလမ်းကြောင်း များအား လေကြောင်းမှ တိုက်ခိုက်ခြင်း၊ မာဒူရိုအား တိုက်ရိုက်ဖယ်ရှားရန် ပိုမိုလုပ်ဆောင်ခြင်း အပါအဝင် ကျယ်ပြန့်သော ရွေးချယ်စရာများကို အဖွဲ့က ၎င်းထံ တင်ပြထားသည်။
ယင်းမတိုင်ခင် ဗင်နီဇွဲလားအတွင်းရှိ ကိုကင်းထုတ်လုပ်ရေး အဆောက်အအုံများနှင့် မူးယစ်ဆေးဝါးကုန်ကူးမှု လမ်းကြောင်းများကို ပစ်မှတ်ထားရန် ထရမ့်က စီစဉ်နေကြောင်း CNN က အစောပိုင်းတွင် သတင်းဖော်ပြခဲ့သည်။
သို့ရာတွင် CBS ၏ “60 Minutes” အစီအစဉ်သို့ ထရမ့်က မကြာသေးမီ ပြောကြားရာတွင် ဗင်နီဇွဲလားအတွင်း တိုက်ခိုက်မှုများကို ထည့်သွင်းစဉ်းစားခြင်း မရှိကြောင်း၊ သို့သော် ယခင်ကမူ ထိုစိတ်ကူးကို လက်ခံဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါကိစ္စများနှင့် နီးစပ်သူများ၏ အဆိုအရ ဆုံးရှုံးမှုဖြင့် အဆုံးသတ်နိုင်သည့် သို့မဟုတ် အမေရိကန်စစ်သားများ အန္တရာယ်ကျရောက်နိုင်သည့် လုပ်ဆောင်ချက်များကို အမိန့်ပေးရန် ၎င်းက စိုးရိမ်ပုံရကြောင်း အစည်းအဝေးများတွင် တွေ့ရသည် ဟု ဆိုသည်။
နိုင်ငံတွင်းသို့ မူးယစ်ဆေးဝါးများ ဝင်ရောက်မှုကို ဖြတ်တောက်ရန် ရည်ရွယ်သည့် ကြိုးပမ်းမှုဖြင့်၊ ၎င်း၏အစိုးရအဖွဲ့သည် မူးယစ်မှောင်ခိုဟု စွပ်စွဲခံရသည့် လှေများကို အနည်းဆုံး အကြိမ် ၂၀ ခန့် တိုက်ခိုက်ခဲ့ပြီး မကြာသေးမီ သီတင်းပတ်များအတွင်း အမေရိကန်က ၎င်း၏ ရေတပ်အင်အားများကို ကာရစ်ဘီယံဒေသ၌ စုဖွဲ့ထားသည်။
ထို့ပြင် ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘောဖြစ်သော USS Gerald R. Ford သည် ယခု သီတင်းပတ်အစောပိုင်းတွင် ဒေသတွင်းသို့ ရောက်ရှိလာခဲ့သည်။
ယင်းလေယာဉ်တင်သင်္ဘောအပြင် အမေရိကန်သည် ခရူဇာသင်္ဘောများ၊ ဖျက်သင်္ဘောများ လေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေးကွပ်ကဲရေးသင်္ဘော၊ ကမ်းတက်စစ်ဆင်ရေးသင်္ဘောများနှင့် တိုက်ခိုက်ရေးရေငုပ်သင်္ဘော အပါအဝင် စစ်သင်္ဘောတစ်ဒါဇင်ကျော် နှင့်အတူ စစ်ဘက်ဝန်ထမ်း ၁၅၀၀၀ ခန့် ကိုလည်း ကာရစ်ဘီယံဒေသတွင်း၌ စုစည်းထားသည်။
ထို့ပြင် ကာရစ်ဘီယံဒေသအပေါ် ပိုမိုအာရုံစိုက်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကန်စစ်တပ်အတွက် အရေးပါသော ပွာတိုရီကိုနိုင်ငံသို့ F-35 တိုက်လေယာဉ် ၁၀ စင်း ကိုလည်း ဖြန့်ကြက်ထားခဲ့သည်။
Ref: CNN
#MeKongNews
#ဗင်နီဇွဲလား
#ဒေါ်နယ်ထရမ့်
#ကာရစ်ဘီယံ
#စစ်ဆင်ရေး








