မဲခေါင်၊ နိုဝင်ဘာ ၁၄
ယနေ့မော်ဒန်ခေတ် ပဋိပက္ခများကြောင့် နောက်ထပ် ဖြစ်ပွားလာမည့် စစ်ပွဲများသည် အာကာသအတွင်းမှာပင် ဖြစ်ပွားနိုင်မည်ဖြစ်သဖြင့် အာကာသစစ်ရေး ပြင်ဆင်မှုအတွက် ၂၀၃၀ အထိ ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံ သုံးစွဲသွားမည်ဟု ပြင်သစ်သမ္မတ မက်ခရွန်က နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို အပြည့်အဝ ကျူးကျော်စစ်ဆင်နွှဲခဲ့ပြီးနောက် အာကာသအတွင်း သူလျှိုဆိုင်ရာ လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်လာရာမှ ရုရှားအာကာသယာဉ်များသည် ပြင်သစ်ဂြိုဟ်တုများ၏ GPS လက်ခံစနစ်များကို ဖျက်ဆီးနှောင့်နှေးစေသည့် လှုပ်ရှားမှုများ၊ သက်ဆိုင်ရာ အာကာသအခြေခံ အဆောက်အအုံများအပေါ် ဆိုက်ဘာတိုက်ခိုက်ရုန်းကန်မှုများ ပြုလုပ်လာကြောင်းကို မက်ခရွန်က တူလုစ်မြို့ရှိ ပြင်သစ် အာကာသစစ်ရေး ဗဟိုဌာနချုပ်သို့သွားရောက်စဉ် ချပြခဲ့သည်။
“အာကာသကို ခိုလှုံရာတစ်ခုလို့ မထင်ကြပါနဲ့။ ဒီကနေ့အချိန်တွင် အာကာသဟာ စစ်ဖြစ်နေပြီ။ အထူးသဖြင့် ရုရှားဟာ အာကာသကနေ နျူကလီးယားလက်နက်ဖြင့် ကမ္ဘာကို ခြိမ်းခြောက်နေတယ်။ တစ်ကမ္ဘာလုံးကို အန္တရာယ်ဖြစ်စေနိုင်တယ်။ ဒါကြောင့် ကြည်း၊ ရေ၊ လေ တပ်အားလုံးလိုပဲ အာကာသလည်း စစ်ဖြစ်မလာခင် အသင့်ဖြစ်ဖို့ ပြင်ဆင်ရမယ်။ ဒီနေ့စစ်ဖြစ်ရင် အာကာသက စမယ်၊ မနက်ဖြန်စစ်ဆိုလည်း အာကာသစစ်ပွဲပဲ ဖြစ်မယ်” ဟု မက်ခရွန်းက ပြောသည်။
ဥရောပအနေဖြင့်လည်း အာကာသစျေးကွက်အတွင်း အင်အားအကြီးမားဆုံး ဖြစ်လာစေရန် အဖွဲ့ဝင်နိုင်ငံများနှင့်ပူးပေါင်းကာ အာကာသစစ်ရေး ပြင်ဆင်မှုများကို ၂၀၃၀ ပြည့်နှစ်အထိ ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကာ အနာဂတ် လောင်ချာစနစ်များ၊ ပြန်လည်အသုံးပြုနိုင်ပြီး ကုန်ကျစရိတ် သက်သာစေသည့် အာကာသပစ်ခတ်လက်နက်များ ထုတ်လုပ်နိုင်ရေးသည် အဓိက ဖြစ်ကြောင်း၊ ထို့ပြင် ဂျာမနီနှင့် ပူးပေါင်းကာ Aurore ရေဒါစနစ်မှ အာကာသ စောင့်ကြည့်နည်းပညာများကို ပိုမို အဆင့်မြှင့်တင်သွားမည်ဟုလည်း မက်ခရွန်က ဆိုသည်။
ထို့ပြင် အမေရိကန် ဘီလျံနာအကြီးမားများဖြစ်သည့် အီလွန်မာ့စ်၏ SpaceX နှင့် ဂျက်ဖ်ဘီဇော့စ်၏ Blue Origin တို့က အစိုးရအသီးသီး မဟုတ်ပဲ တတိယကြားခံ မဲဆန္ဒရှိသူများ၏ အာဏာသုံးစွဲမှုအဖြစ် လွှမ်းမိုးနေသောကြောင့် မခန့်မှန်းနိုင်သည့် အန္တရာယ်များလည်း ရှိနေကြောင်းကို မက်ခရွန်က ထပ်မံ သတိပေးခဲ့သည်။
ကိုကလင်း
Ref: Korea Herald
#MeKongNews
#အာကာသစစ်ရေး
#ပြင်သစ်သမ္မတ
#မက်ခရွန်
#အာကာသစစ်ပွဲ








