မဲခေါင်၊ နိုဝင်ဘာ ၅
နိုဝင်ဘာ ၄ ရက်က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသသို့ ဦးတည်ဝင်ရောက်ခဲ့သည့် တိုက်ဖွန်း ကယ်လ်မေဂီကြောင့် အနည်းဆုံး ၂၆ ဦးသေဆုံးကာ ကယ်ဆယ်ရေးရဟတ်ယာဉ်တစ်စီးပါပျက်ကျပြီး လူများစွာ အိမ်ခေါင်မိုးများပေါ်တွင် ကယ်ဆယ်ရေးအဖွဲ့များကို စောင့်ဆိုင်းနေရကြောင်း သိရသည်။
ယင်းမုန်တိုင်းသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်သို့ အလုံး ၂၀ မြောက် ဝင်ရောက်သည့်မုန်တိုင်းဖြစ်ကာ တစ်နာရီ ကီလိုမီတာ ၁၃၀ မှ ၁၈၀ ကြားအထိ တိုက်ခိုက်ခဲ့ပြီးနောက် မုန်တိုင်းသင့်ဒေသများတွင် ရေကြီးမှုသည် လူတစ်ရပ်ကျော်ရုံသာမက နေအိမ်များ အမိုးထိပါ မြုပ်ခြင်း၊ ကားများ မျောပါကာ ပုံနေခြင်းများကိုပါ ဖြစ်ပွားစေခဲ့သည်။
ဖိလစ်ပိုင်ကြက်ခြေနီအဖွဲ့ အထွေထွေအတွင်းရေးမှူး ဂွမ်ဒိုလန်ပန်းက ကမ်းရိုးတန်းဒေသဖြစ်သော စီဘူခရိုင် လီလွန်မြို့တွင် ရေကြီးမှုကြောင့် ခေါင်မိုးများပေါ် မရေတွက်နိုင်သော လူများ သောင်တင် နေပြီး အပျက်အစီးပုံများ များပြားလွန်းနေသဖြင့် ကယ်ဆယ်ရန် အကူအညီခေါ်သည့် ဖုန်းများစွာ လက်ခံရရှိသော်လည်း အရောက်သွားနိုင်ရေးမှာ အပျက်အစီးပုံများကြောင့် မလွယ်ကူဖြစ်နေရသည် ဟု ပြောကြားခဲ့သည်။
အက်ဂ်ဆန်ဒယ်ဆာ ခရိုင်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့များလိုက်ပေးနေ သည့် ဖိလစ်ပိုင် မင်ဒါနာအိုအခြေစိုက်တပ်မတော်မှ Super Huey ရဟတ်ယာဉ်သည်လည်း လိုက်ပါ သူ ၅ ဦးနှင့်အတူ ပျက်ကျခဲ့ပြီး သေဆုံးမှုရှိ၊ မရှိနှင့် ပျက်ကျရခြင်းအကြောင်းကို မထုတ်ပြန်နိုင်သေးပေ။
ဖိလစ်ပိုင်သည် တစ်နှစ်လျှင် ပျမ်းမျှ မုန်တိုင်း ၂၀ ဝင်ရောက်တိုက်ခတ်ခံရလေ့ရှိကာ မီးတောင်ရှင် ဒါဇင်ချီရှိသဖြင့် မကြာခဏလည်း မီးတောင်ပေါက်ကွဲမှုနှင့် ငလျင်လှုပ်ခတ်မှုများရှိနေခဲ့သည်။
စက်တင်ဘာ ၃၀ ရက်က စီဘူးအပါအဝင် နိုင်ငံအလယ်ပိုင်းဒေသ၌ ပြင်းအား ၆ ဒသမ ၉ ရှိ ငလျင်လှုပ်ခတ် ခဲ့ခြင်းကြောင့် လူပေါင်း အနည်းဆုံး ၇၉ ဦးသေဆုံးခဲ့သေးကာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလက တိုက်ခတ်ခဲ့သော ဟိုင်ယန်တိုင်ဖွန်းမုန်တိုင်းတွင်လည်း လူပေါင်း ၇၈၀၀ ကျော် သေကြေပျောက်ဆုံးမှုဖြစ်ခဲ့ပြီး လူဦးရေ ၄ သန်းရွှေ့ပြောင်းခဲ့ရကာ နိုင်ငံသည် မုန်တိုင်း၊ ငလျင်သဘာ၀ကပ်ဘေးများနှင့်ဆက်တိုက် ရင်ဆိုင်နေရကာ ဆင်းရဲ့သထက် ဆင်းရဲလာနေပြီဖြစ်ကြောင်း သိရသည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#မုန်တိုင်း
#ဖိလစ်ပိုင်
#ကယ်လ်မေဂီ
#ကယ်ဆယ်ရေး
#ရဟက်ယာဉ်








