မဲခေါင်၊ နိုဝင်ဘာ ၅
ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလဆန်းပိုင်းကတည်းက ချင်းမိုင်တက္ကသိုလ်မှ လက်ထောက်ပါမောက္ခ ဒေါက်တာဝမ်ဝီရိယ၊ သဘာ၀ပတ်ဝန်းကျင် သိပ္ပံနည်းကျသုတေသနဌာန လက်ထောက်ညွှန်ကြားရေးမှူး တို့ မယ့်ဆရင်း၊ မယ်ဟောင်ဆောင်ခရိုင်များရှိ ၃ နေရာ၌ သံလွင်မြစ်ရေကို စမ်းသပ်စစ်ဆေးကာ အောက်တိုဘာ ၂၈ ရက်တွင် အဖြေထွက်ပေါ်လာရာ၌ ယခုလို အန္တရာယ်အလွန်မြင့်မားသည့် အဆင့် ရောက်နေကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။
သံလွင်မြစ်ရေထဲတွင် အာဆင်းနစ်သာမက အခြားသော အကြီးစားသတ္တုအဆိပ်သင့်မှုများလည်း ပါဝင်နေသဖြင့် လူသားများကျန်းမာရေးကို အထူးခြောက်လှန်နေပြီဖြစ်ရာ သက်ဆိုင်ရာ အေဂျင်စီ များအားလုံး ချက်ချင်း စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ပြီး ပြည်သူများကို အသိပေးရမည်ဟု ယင်းချင်းမိုင် သုတေသနအဖွဲ့က တိုက်တွန်းထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ထိုင်းသဘာ၀ရင်းမြစ်များနှင့် သဘာ၀ပတ်ဝန်းကျင်ဝန်ကြီးဌာန ဒုဝန်ကြီး ဆူချက်ချွန်ကလင် က နိုဝင်ဘာ ၄ ရက်၌ အရေးပါသည့် သက်ဆိုင်ရာအေဂျင်စီများ သံလွင်မြစ်ရေ အဆိပ်သင့်နေမှုကို အားချင်း စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့ကြောင်း ထုတ်ပြန်ကြေညာသွားခဲ့သည်။
ထိုင်းဘက်ခြမ်း သံလွင်မြစ်ကမ်းတစ်လျှောက်ဒေသများဖြစ်သော ကမ်ဖန်းမော့ထိုင်ဆွန်၊ မယ်ဟောင်ဆောင်ခရိုင်နှင့် ဆော့ဘ်မွိုင်ခရိုင်ခွဲများမှ ပြည်သူများ သံလွင်မြစ်ရေများကို တိုက်ရိုက်ထိတွေ့ခြင်းပင် မလုပ်ဆောင် ကြရန်လည်း သတိပေးချက်ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ ဘက်ခြမ်း၌ တရုတ်များ မြေရှားနှင့်ရွှေမိုင်းတွင်းလုပ်ကွက်များကြောင့် ချင်းရိုင်ခရိုင် နမ့်ခုတ် မြစ်နှင့် မယ်ဆိုင်ချောင်းတို့ အာဆင်းနစ်အဆိပ်သင့်မှုများ ဖြစ်ပွားနေသလို ယခု သံလွင်မြစ်အဆိပ်သင့် နေမှုသည်လည်း မြစ်ညှာပိုင်းမြန်မာဘက်ခြမ်းမှ မြေရှားနှင့် ရွှေမိုင်းများကြောင့်ဖြစ်မည်ဟု ထိုင်းဘက် က သုံးသပ်ထားကာ မြန်မာအပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းအဖြေရှာသွားမည်ဟု ထုတ်ပြန်ထားသည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#သံလွင်မြစ်ရေ
#အာဆင်းနစ်
#ထိုင်းနိုင်ငံ
#မြေရှားသတ္တု








