မဲခေါင်၊ အောက်တိုဘာ ၂၈
ကာရစ်ဘီယံပင်လယ်ပြင်မှ ဂျမေကာနိုင်ငံအတွင်းသို့ စတင်ဝင်ရောက်တော့မည့် မီလစ်ဆာဟာရီကိန်း မုန်တိုင်းကြီး၏ဗဟိုချက် မျက်စိအတွင်းသို့ အမေရိကန်လေတပ်မှ Teal 74 အမည်ဖြင့် စောင့်ကြည့်ကင်းထောက်လေယာဉ်ကြီးကို စေလွှတ်လေ့လာမှုတွင် အလွန်ကြောက်စရာကောင်းသော တိတ်ဆိတ်ငြိမ်သက်သည့် နေရာစုံသို့ သီးတည်ဖြာထွက်နေသော တိမ်စိုင်များကို မြင်တွေ့ခဲ့ရသည်ဟု ထုတ်ပြန်သွားခဲ့သည်။
ယင်းမီလစ်ဆာမုန်တိုင်းကြီးသည် လက်ရှိ ဂျမေကာတောင်ပိုင်းဒေသကို ဦးတည်ကာ လေတိုက်နှုန်း တစ်နာရီ ၁၇၅ မိုင်၊ အနောက်အရပ်သို့ ရွှေ့လျားမှုနငန်း တစ်နာရီ ၃ မိုင်နှုန်းဖြင့် ချဉ်းကပ်လာနေပြီး ၂၀၂၅ ခုနှစ်အတွင်း အတ္တလန္ထိတ်သမုဒ္ဒရာအတွင်း အပြင်းထန်ဆုံးမုန်တိုင်းကြီးဖြစ်ကာ အဆင့် (၅) အထိ သတ်မှတ်ထားကြောင်းနှင့် ဂျမေကာပေါ်သို့ မိုးရေချိန် ၄၀ လက်မနှုန်းအထိ ရွာသွန်းမည်ဟု အမေရိကန် အမျိုးသားဟာရီကိန်းစင်တာက သတိပေး ထုတ်ပြန်သွားခဲ့သည်။
မီလစ်ဆာမုန်တိုင်းသည် ဂျမေကာနိုင်ငံ တောင်ပိုင်းသို့ ဦးတည်နေကာ တောင်ပိုင်းဒေသသည် အနိမ့်ဆုံး အပိုင်းတွင် ရှိသလို နေအိမ်၊ တိုက်တာအဆောက်အအုံများသည်လည်း ထိုမျှကြီးမားသည့် မုန်တိုင်းဒဏ် ကို ခံနိုင်စရာမရှိ၊ လုံခြုံစေမည့် ပုန်းခိုရာအခြေခံအဆောက်အအုံလည်း မရှိသဖြင့် အောက်တိုဘာ ၂၆ ရက် ကတည်းက အကုန်ပြောင်းရွှေ့ကြရန် ဂျမေကာဝန်ကြီးချုပ် အန်ဒရူးဟိုးနက်စ်ကိုယ်တိုင်က အမိန့် ထုတ်ပြန်ခဲ့သော်လည်း ခေါင်းမာပြီးအတွေ့အကြုံမရှိ၊ မယုံကြည်သော ပြည်သူများ ဆက်လက်နေထိုင် နေသဖြင့် စိုးရိမ်ပူပန်ရသည်ဟု ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၂၈ ရက် နှောင်းပိုင်းတွင် ဝင်ရောက် လာမည့် မီလစ်ဆာမုန်တိုင်းနှင့် များပြားလွန်းမည့် မိုးရေချိန်ကြောင့် ရေလွှမ်းမိုးတိုက်စားမည့်အနေ အထားကို ဂျမေကာ တောင်ပိုင်းကမ်းရိုးတန်းဒေသများ မည်သို့မျှ ကာကွယ်တားဆီးနိုင်ဖွယ်မရှိဟုပါ ထပ်မံ သတိပေးချက်ထုတ်ပြန်ကာ ရွှေ့ပြောင်းခိုင်းနေခြင်းဖြစ်သည်။
ကိုကလင်း
Ref:Thesun
#ဟာရီကိန်းမုန်တိုင်း
#မီလစ်ဆာ
#ဂျမေကာ
#အတ္တလန္ထိတ်သမုဒ္ဒရာ
#ရာသီဥတု








