မဲခေါင်၊ အောက်တိုဘာ ၂၇
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆတ်သည် ကမ္ဘာ့အကြီးမားဆုံး စစ်သင်္ဘောကြီးဖြစ်သော USS Gerald R Ford ကို အောက်တိုဘာ ၂၄ ရက်တွင် မြေထဲပင်လယ်မှ ကာရစ်ဘီယံပင်လယ်ပြင်သို့ ဦးတည်စေလွှတ်ခဲ့သဖြင့် ထာ၀ရစစ်ပွဲဖန်တီးမှုဟု ဗင်နီဇွဲလားသမ္မတ မာဂျူရိုက နိုင်ငံပိုင်ရုပ်သံမှ စွပ်စွဲပြောဆိုခဲ့သည်။
“ထာ၀ရစစ်ပွဲဖြစ်စေဖို့ ဖန်တီးနေတာပါ။ ဘယ်တော့မှ စစ်ပွဲထဲ နောက်ထပ် ဝင်မပါစေရတော့ဘူးပြောနေပေမယ့် သူတို့ပဲ စစ်ပွဲကို ဖန်တီးနေတာပါ” ဟု မာဂျူရိုက ပြောဆိုသည်။
USS Gerald R Ford သည် လေယာဉ် ၉၀ တင်ဆောင်နိုင်ကာ ဒေါ်နယ်ထရမ့်သည် မာဂျူရိုနှင့် ကိုလံဘီယာသမ္မတတို့အား မူးယစ်မှောင်ခိုမှုများနောက်ကွယ်မှ ခေါင်းဆောင်များဟုကြေညာထားပြီး ပင်လယ်ပြင်အတွင်းမှ မူးယစ်လှေများကို ဆက်တိုက် ပစ်ခတ်ဖျက်ဆီးနေသလို မူးယစ်ဆေးတင်ဆောင် ရေငုပ်သင်္ဘောတစ်စီးကိုပါ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးဖြစ်ကာ ကုန်းမြေပေါ်သို့ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်တော့မည်ဟု အသိပေးကြေညာထားသည်။
CIA လှုပ်ရှားမှုများကိုလည်း ဗင်နီဇွဲလားမြေပေါ် အထိ ချဲ့တွင်ကာ ထိုးစစ်ဆင်သွားမည်ဟုဆိုသလို ကာရစ်ဘီယံသို့ စစ်သင်္ဘောများ၊ နျူကလီးယား တင်ဆောင် ရေငုပ်သင်္ဘောတစ်စီး၊ F-35 ဖိုက်တာဂျက်လေယာဉ်များ စေလွှတ်ထားသည်။
Chatham House think tank အဖွဲ့မှ လက်တင်အမေရိကအရေး အထူးပြုလေ့လာသူ ဒေါက်တာ ခရစ္စတိုဖာဆာဘာတီနီက ထရမ့်၏ လုပ်ရပ်သည် ဗင်နီဇွဲလားနိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်လိုရင်း မဟုတ်လောက်သေးဘဲ မာဂျူရိုအစိုးရ ပြုတ်ကျစေရေး တပ်တွင်းအကြောက်တရားများ ထိုးသွင်းခြင်း မျိုးသာ ပိုဖြစ်နိုင်ကြောင်း၊ ဗင်နီဇွဲလားစစ်တပ်အတွင်းနှင့် မာဂျူရိုအနီးကပ် အစိုးရအသိုင်းအဝိုင်း အကြား မတည်ငြိမ်မှုများဖြစ်စေရေး USS Gerald R Ford လေယာဉ်တင်သင်္ဘောကြီးပါ စေလွှတ်ခဲ့ဖွယ်ရှိသည်ဟု သုံးသပ်ခဲ့သည်။
ကိုကလင်း
Ref: bbc
#MeKongNews
#အမေရိကန်
#ဗင်နီဇွဲလား
#ထာဝရစစ်ပွဲ
#စစ်သင်္ဘော








