မဲခေါင်၊ အောက်တိုဘာ ၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လွှတ်တော်သို့ နိုင်ငံတကာလက်နက်ကိုင် ပဋိပက္ခမဟုတ်သော စစ်ရေးဖော်ဆောင်မှုအဖြစ် ဗင်နီဇွဲလား မူးယစ်ဂိုဏ်းများကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ပြီး အလုံးစုံစစ်ပွဲဆင်နွှဲမည်ဟု လျှို့ဝှက်တင်ပြခဲ့မှု၌ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်သည် ဗင်နီဇွဲလားနိုင်ငံရှိ ဆိပ်ကမ်းများနှင့် လေယာဉ်ကွင်းများကိုပါ ဝင်ရောက်စီးနင်းမည့် အင်အားတစ်ရပ်ကို ပြင်ဆင်ပြီးစီးထားပြီးဖြစ်ကြောင်း သိရှိရသည်။
လက်တင်အမေရိကရှိ မူးယစ်ဂိုဏ်းများကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ကာ အလုံးစုံ စစ်ကြေညာပြီးနောက် စက်တင်ဘာ ၃ ရက်၌ ဗင်နီဇွဲလားကမ်းလွန်ရှိ မူးယစ်ဆေးဝါးတင်ဆောင်လာ သော မော်တော်ဘုတ်တစ်စီးအား ထပ်မံ ဖောက်ခွဲတိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့သည်။
ဒေါ်နယ်ထရမ့်က ယင်းမော်တော်ဘုတ်တင်ဆောင်လာသည့် မူးယစ်ဆေးများသည် အမေရိကန်နိုင်ငံအတွင်း ပို့ဆောင်ရန်ဖြစ်ကာ ထိုပမာဏသည် အမေရိကန်နိုင်ငံသား ၂၅၀၀၀ မှ ၅၀၀၀၀ အထိကို သတ်နိုင်သည့် အခြေအနေရှိကြောင်း၊ အမေရိကန်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ယင်းစစ်ဆင်ရေးကို ဦးဆောင် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။
Washington Examiner မီဒီယာ၏ ဖော်ပြမှုအရ ဗင်နီဇွဲလားကမ်းလွန်တွင် အမေရိကန်စစ်တပ်သည် စစ်သင်္ဘောများစွာ၊ ရေငုပ်သင်္ဘော တစ်စီး၊ F 35 Lightning II ကိုယ်ပျောက်ဖိုက်တာဂျက်လေယာဉ် ၁၀ စီး၊ မရိမ်းတပ်သား ၂၂၀၀ ပါသလို Harrier jump ဂျက်လေယာဉ်များ၊ ဟယ်လီကော်ပတာများနှင့် သံချပ်ကာကားများစွာပါသည့် လေယာဉ်တင်သင်္ဘော အမှတ် ၂၂ Marine Expeditionary Unit ကိုပါ စေလွှတ်ထားပြီးဖြစ်သည့်အတွက် ဗင်နီဇွဲလားမြေပေါ်သို့ ဝင်ရောက်ကာ အရေးပါသော ဆိပ်ကမ်းများ နှင့် လေယာဉ်ကွင်းများကို သိမ်းပိုက်ရန် အသင့်အနေအထားပြင်ဆင်ထားပြီးဖြစ်သည်ဟု လျှို့ဝှက် သတင်းရရှိမှုကို ဖော်ပြသွားခဲ့သည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များသည် ကာရစ်ဘီယံတွင် လေဆိပ်သိမ်းပိုက်ရေး ကြိုတင်ပြင်ဆင်မှု လေထီးခုန်စစ်ရေးလေ့ကျင့်မှုမများ လုပ်ဆောင်နေပြီဖြစ်သလို ပွာတူရီကိုဆိပ်ကမ်းသည် စစ်သည်နှင့် စစ်ရေးထောက်ပို့မှုများလုပ်ဆောင်ရန် အဓိက ဗဟိုချက်ဆိပ်ကမ်းအဖြစ် အသုံးပြုမည်ဟုလည်း ဆိုသည်။
စက်တင်ဘာ ၃ ရက်ပင် ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးက အမေရိကန်၏ F 35 ဖိုက်တာဂျက် လေယာဉ် ၅ စီး မိမိတို့ လေပိုင်နက်အတွင်း ဝင်ရောက်လာသဖြင့် သတိပေးချက်ထုတ်ပြန်ခဲ့သည်။
သို့သော် မူးယစ်ဂိုဏ်းများကို ဝင်ရောက်တိုက်ခိုက်ချေမှုန်းမှုတွင် လိုအပ်ပါက မူးယစ်ကွန်ရက်များကို အဓိက ကျောထောက်နောက်ခံပြုနေသဖြင့် ဆုကြေး ဒေါ်လာ သန်း ၅၀ ထုတ်ထားသော ဗင်နီဇွဲလားသမ္မတ မာဂျူရိုအတွင်းပိုင်းထဲအထိ ဝင်ရောက် ချေမှုန်းဖွယ်ရှိကြောင်း Examiner သို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အတွင်းလူတစ်ဦးက ပြောပြခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဗင်နီဇွဲလား
#မူးယစ်ဆေးဝါး
#အမေရိကန်
#ဒေါ်နယ်ထရမ့်








