မဲခေါင်၊ စက်တင်ဘာ ၂၁
ရိုက်တာသတင်းဌာနမှ စုံစမ်းဖော်ထုတ်ရေးသားခဲ့သည့် သတင်းတွင် ထိုင်းလ၀ကရဲအရာရှိများသည် မြန်မာဘက် ကျားဖြန့်စင်တာများသို့ နိုင်ငံခြားသားများအား လူမှောင်ခိုတင်ပို့မှုတွင် ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်နေသည်ဆိုခြင်းအား ထိုင်း လ၀ကဗျူရို ဌာနခွဲ (၂) မှ လ၀ကရဲမှူးချုပ် ချန်ဂရွန်းရင်မ်ပါဒီ ကိုယ်တိုင်က စက်တင်ဘာ ၂၀ ရက်တွင် သတင်းစာရှင်းလင်းကာ ငြင်းဆိုသွားခဲ့သည်။
ရိုက်တာ၏ “They traveled to Thailand. They wound up cyber scam slaves in Myanmar” ဟု ခေါင်းစဉ်ပေးထားသော စုံစမ်းစစ်ဆေးရေးသတင်းတင်ပြမှုတွင် တောင်အာဖရိက၊ တောင်အာရှ၊ အရှေ့ တောင်အာရှတို့မှ နိုင်ငံခြားသား ၉ ဦးနှင့် အင်တာဗျူးကာ ၎င်းတို့သည် ထိုင်းကိုရောက်ရှိပြီးမှ မြန်မာဘက် ကျားဖြန့်လုပ်ငန်းများသို့ လူမှောင်ခိုတင်ပို့ခံခဲ့ရသည်ဟု ဖော်ပြခဲ့သည်။
ထိုထဲတွင် Oly ဆိုသော အသက် ၃၀ ဝန်းကျင် အီသီယိုးပီးယားသား အိုင်တီအတိုင်ပင်ခံဆိုသူ၏ အင်တာဗျူး၌ ၂၀၂၄ နိုဝင်ဘာလအတွင်းက သူငယ်ချင်းတစ်ဦးနှင့် ထိုင်းသို့ အလည်သွားခဲ့ကြောင်း၊ ထိုင်းလေဆိပ်ရောက်ပြီး နောက် လ၀ကအရာရှိ အမျိုးသမီးက ပတ်စ်ပို့တ်များကို စစ်ဆေးပြီးသည်နှင့် ပါလာသည့် ခရီးဆောင် အိတ်များကို ဟိုတယ်မှ လာကြိုသည်ဆိုသော သူတစ်ဦးအား ပေးပြီး လိုက်သွားခိုင်းခဲ့ကြောင်း၊ ဘန်ကောက်လေဆိပ်မှ မဲဆောက်သို့ ကားဖြင့်ခေါ်သွားစဉ် အိပ်ပျော်နေခဲ့ပြီး မဲဆောက်ရောက်မှ မြန်မာ ဘက်ကူးကာ ကျားဖြန့်စင်တာသို့ လူမှောင်ခိုကူးခံလိုက်ရခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။
ထိုအခြေအနေကြောင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသမျှ နိုင်ငံခြားသားများအားလုံး မှတ်တမ်းအား စစ်ဆေးရာတွင် Oly ဆိုသည့် နာမည်နှင့်တူသော ဆင်တူနီးပါး ဖြစ်သော ၆၂ ဦးကို တွေ့ရှိရကာ ၂ ဦးသည်သာ အရှေ့အာဖရိကမှ လာသူများဖြစ်သည်ကိုတွေ့ရပြီး ယူဂန္ဓာမှ အမျိုးသားတစ်ဦးနှင့် ကန်ညာသူ အမျိုးသမီးတစ်ဦးသာဖြစ်ကာ အီသီယိုးပီးယားမှ ထိုနာမည် ဖြင့် ဝင်ရောက်လာသူမရှိကြောင်း လဝက ရဲမှူးချုပ်က ဆိုသည်။
နိုင်ငံတကာတွင် ထိုင်းနိုင်ငံ ဂုဏ်သတင်းပျက်စီးစေလိုသည်သဘော ဖြင့် ရိုက်တာမှ အခြေအမြစ်မရှိသော လုပ်ကြံသတင်းကို ဖော်ပြသွားခြင်းသာဖြစ်ကာ မိမိတို့ ထိုင်းမီဒီယာများအနေဖြင့်လည်း သေချာ စုံစမ်းခြင်းမပြုဘဲ ထိုသတင်းများကို ပြန်လည်ဖော်ပြနေမှုများ သည် နိုင်ငံဂုဏ်ကို ထိခိုက်ကြောင်း၊ လေဆိပ် ခရီးဆောင်အိတ်များသယ်ရာစက်အနား မိမိပင်လျှင်ပင် အထူးခွင့်ပြုချက်မရှိဘဲ မသွားနိုင်သည်ကို ဟိုတယ်ဝန်ထမ်းက ထိုနေရာတွင် အိတ်ယူကာ လူခေါ်သွား သည်ဆိုခြင်းမှာလည်း မည်သို့မျှ မဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။
လူကုန်ကူးမှုများကို နိုင်ငံတကာနှင့်လက်တွဲ တိုက်ဖျက်နေရာတွင် မြန်မာနှင့်ကမ္ဘောဒီးယားဘက်သို့ နယ်စပ်ဖြတ်ကျော်ဂိတ်မှ ဝင်ဖူးသူများကို ပြည်ဝင်မခံဘဲ ငြင်းပယ်လွှတ်သည်မှာ ၂၀၂၅ ဇန်နဝါရီနောက်ပိုင်း ၅၂၇၈ ဦးရှိပြီဖြစ်ကြောင်း၊ ဗီဇာ ထုတ်ပေးရာတွင်လည်း အပြန်လေယာဉ်လက်မှတ်၊ နေထိုင်မည့်နေရာ၊ ခရီးသွားအစီအစဉ်များအားလုံး ကို စစ်ဆေးပြီးမှ ခွင့်ပြုသင့်မသင့် ဆုံးဖြတ်ခြင်းဖြစ်သောကြောင့် မြန်မာနှင့်ကမ္ဘောဒီးယားတွင် အခြေစိုက်သော ကျားဖြန့်လုပ်ငန်းများအကြား ထိုင်းနိုင်ငံသည် နိုင်ငံတကာ မီဒီယာမျက်နှာစာတွင် လူမှောင်ခိုဗဟိုချက်အဖြစ် မဟုတ်မမှန်စွပ်စွဲစရာဖြစ်နေရသည်ဟု ရဲမှူးချုပ် ချန်ဂရွန်းရင်မ်ပါဒီက ရှင်းလင်းထုတ်ပြန်သွားခဲ့သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းလဝက
#ကျားဖြန့်
#လူကုန်ကူး
#မြန်မာနိုင်ငံ
#မြဝတီ








