မဲခေါင်၊ စက်တင်ဘာ ၁
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ပါကစ္စတန်နယ်စပ်၌ ဩဂုတ် ၃၁ ရက် ဒေသစံတော်ချိန် ညည့်သန်းခေါင်ယံမရောက်မီ ပြင်းအား ၆ ရှိငလျင်လှုပ်ခတ်သွားသည့်အတွက် အနည်းဆုံး ၈၀၀ ကျော် သေဆုံးပြီး ၂၅၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အမေရိကန် ဘူမိဗေဒစစ်တမ်းအဖွဲ့ ထုတ်ပြန်ချက်အရ သိရှိရသည်။
ငလျင်ဒဏ်အဆိုးရွားဆုံး ခံခဲ့ရသော ကူနာပြည်နယ်၊ နာဂယ်ခရိုင်တွင် နေထိုင်သူတစ်ဦးက တစ်ရွာလုံး ပြားပြားဝပ်သွားသည်အထိ ငလျင်ဒဏ်ကို ဆိုးရွားစွာခံခဲ့ရပြီး ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အပျက်အစီးပုံများအောက်သို့ ရောက်ရှိနေသည်ဟုဆိုကာ မည်သည့်ကူညီကယ်ဆယ်ရေးအဖွဲ့မှ ရောက်မလာသေးသဖြင့် ကူညီကြပါရန် စက်တင်ဘာ ၁ ရက်မွန်းလွဲပိုင်း၌ တောင်းပန်သွားခဲ့သည်။
အာဖဂန်နစ္စတန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မော်လာဝီဇာဗီဟူလာမူဂျာဟစ်က ကူနာတွင် လက်ရှိအထိ သေဆုံးသူ ၈၀၀ ကျော်သွားခဲ့ပြီး ဒဏ်ရာရသူ ၂၅၀၀ ကျော်ရှိနေကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသောကြောင့် သေဆုံး ဒဏ်ရာရစာရင်းထပ်မံမြင့်တက်လာဦးမည်ဖြစ် ကြောင်း ရှင်းလင်းပြောဆိုသည်။
ကူနာသို့ နန်ဂါဟာမှ ရဟတ်ယာဉ် ၃၅ စီး စေလွှတ်ပြီး ဒဏ်ရာရ လူနာပေါင်း ၃၃၅ ယောက် ကို နန်ဂါဟာ ဆေးရုံသို့ တင်ပို့ထားကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။
အာဖဂန်နစ္စတန်သည် အိန္ဒိယနှင့်ယူရေးရှန်းမြေလွှာကျောက်ချပ်များ တေ့ဆိုင်နေရာ၌ တည်ရှိသော ကြောင့် ငလျင်များစွာ လုပ်ခတ်ခဲ့ပြီး ၂၀၂၃ ခုနှစ်က ပြင်းအား ၆ ဒသမ ၃ ရှိသော ငလျင်သည် အနောက်ပိုင်း ဟီရတ်ခရိုင်အားဗဟိုပြုလှုပ်ခတ်ရာမှ လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ရသေးသည်။
၂၀၂၂ ခုနှစ်တွင် လည်း အာဖဂန်အရှေ့ပိုင်း တောင်ထူထပ်ရာနေရာတွင် လှုပ်ခတ်သည့် ငလျင်ကြောင့် အနည်းဆုံး ၁၀၀၀ သေဆုံးပြီး ၁၅၀၀ ကျော်ဒဏ်ရာရခဲ့သေးသည်။ ၂၀၁၅၊ ၂၀၀၂ ၊ ၁၉၉၈ ခုနှစ်များတွင်လည်း ငလျင်များလှုပ်ခတ်ခဲ့ကာ ၁၉၉၈ ငလျင်သည် လူပေါင်း ၄၅၀၀ သေဆုံးခဲ့ရသည်။
ကိုကလင်း
Ref: aljazeera
#MeKongNews
#အာဖဂန်နစ္စတန်
#ငလျင်
#ပါကစ္စတန်
#ကယ်ဆယ်ရေး







