မဲခေါင်၊ စက်တင်ဘာ ၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အစ္စရေးတိုက်ခိုက်မှုများကြောင့် ကြွေမွပျက်သုဉ်းနေသော ဂါဇာကမ်းမြောင်ဒေသကို ၁၀ နှစ်အတွင်း ရီဗားရီးယားကဲ့သို့ လှပခမ်းနားသည့် အပန်းဖြေရပ်ဝန်း ဖြစ်စေရန် တည်ဆောက်ပေးသွားပြီး ထို့အတွက် ပြည်ပသို့ ထွက်ခွာပေးမည့် ပါလက်စတိုင်းများကို ဒေါ်လာ ၅၀၀၀ ပေးသွားရန် စီစဉ်နေကြောင်း သိရသည်။
The Washington Post မှရရှိသော စာမျက်နှာ ၃၈ မျက်နှာပါ ထရမ့်၏ ဂါဇာတည်ဆောက်ရေး အဆိုပြုလွှာတွင် ဂါဇာကို အမေရိကန်ထိန်းချုပ်မှုအောက် ၁၀ နှစ်ထားရှိပြီး အီတလီနှင့်ပြင်သစ် ကမ်းရိုးတမ်းတစ်လျှောက် ထင်ရှားကျော်ကြားသည့် ရီဗားရီးယား အပန်းဖြေရပ်ဝန်းကြီးတစ်ခု သဖွယ် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ အထပ် ၂၀ ပါ အဆင့်မြင့်တိုက်ကြီးများ၊ ပန်းခြံများ ဝန်းရံထား မည့် အဆင့်မြင့်လူနေတိုက်ခန်းများ၊ ဂေါက်ဖ်ကွင်းများ၊ ကမ္ဘာ့အဆင့် အပန်းဖြေရိပ်သာများကို ဇုန် ၆ ဇုန်မှ ၈ ဇုန်အထိ ထားရှိထူထောင်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းထူထောင်မှုစီမံကိန်း ၁၀ နှစ်တာအတွင်း ဂါဇာမှ မိမိသဘောဖြင့် ထွက်ခွာပေးမည့် ပါလက်စတိုင်းများကို တစ်အိမ်ထောင် ဒေါ်လာ ၅၀၀၀ ပေးမည်ဖြစ်ကြောင်း၊ ထိုငွေသည် ပြည်ပတွင် ၄ နှစ်စာ အိမ်ငှားနေထိုင်စားရိတ်နှင့် တစ်နှစ်စာ စားနပ်ရိက္ခာ လုံလောက်သော ပမာဏအဖြစ် ပေးခြင်ဖြစ်ကြောင်း၊ ၁၀ နှစ်တာအပြီး၌ ရှောင်ပေးသွားသူများ သတ်မှတ် ဇုန်များတွင် ပြန်လာနေထိုင်ခွင့်ပြုမည်ဟု ဆိုသည်။
ဂါဇာမှ ပြည်ပသို့ မထွက်ခွာလိုသော ပါလက်စတိုင်းများသည်လည်း ဂါဇာအတွင်း အစ္စရေး ထောက်ပံ့မှုဖြင့် ထူထောင်ပေးထားမည့် ဂါဇာလူသားချင်းစာနိုင်မှုဆိုင်ရာ ဖောင်ဒေးရှင်းအောက်၌ နေထိုင်ခွင့်ပြုသွားမည်ဟု ထရမ့်၏ အဆိုပြုအစီအစဉ်တွင် ဖော်ပြထားရာ အာရပ်အသိုင်းအဝိုင်းမှ အထူးဆန့်ကျင် ကန့်ကွက်ဝေဖန်မှုကို ခံရရန် သေချာနေသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဂါဇာ
#ပါလက်စတိုင်း
#အပန်းဖြေမြို့
#ဒေါ်နယ်ထရမ့်








