မဲခေါင်၊ ဩဂုတ် ၃၀
ဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရအဖွဲ့သည် ဂါဇာတွင် ဒဏ်ရာရသော ကလေးငယ်များကို အမေရိက သို့ပို့ဆောင်ဆေးကုသပေးမှု ပရိုဂရမ်အား ရပ်ဆိုင်လိုက်သည်မှာ မကြာသေးဘဲ ယခုလည်း စက်တင်ဘာလအတွင်း နယူးယောက်၌ လက်ခံကျင်းပမည့် ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေ ညီလာခံသို့ ပါလက်စတိုင်းသမ္မတမိုဟာမက်အဘက်စ်နှင့် တာဝန်ရှိသူ အယောက် ၈၀ ကို ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခြင်းဖြင့် အစည်းအဝေးသို့ တက်ရောက်ခွင့်ပါ ပိတ်ပင်လိုက်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပါလက်စတိုင်းအာဏာပိုင် (PA) နှင့် ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ (PLO) မှ ကိုယ်စားလှယ်များကို ဗီဇာရုပ်သိမ်းလိုက်ခြင်းဖြစ်ကာ နိုင်ငံတော် လုံခြုံရေးအကြောင်းပြချက်ကြောင့်ဖြစ်သည်ဟု ထုတ်ပြန်သွားခဲ့သည်။
ပါလက်စတိုင်းအနေဖြင့် အမေရိကန်အပေါ် ကတိပြုထားမှုအရ အကြမ်းဖက်ဝါဒကို တစ်စိုက်မတ်မတ် ငြင်းဆန်ရမည်၊ ပညာရေးတွင် အကြမ်းဖက်ဖိနှိပ်ခွဲခြားထားမှုဝါဒအား ဖျက်သိမ်းရမည်ဆိုခြင်းကို လက်မခံနိုင်သေးသရွေ့ ငြိမ်းချမ်းသော လက်တွဲဖက်အဖြစ် မသတ်မှတ်နိုင်ဟုလည်း ဆိုသည်။
နယူးယောက် ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေညီလာခံကို စက်တင်ဘာ ၂၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကာ ထိုအစည်းအဝေး၌ ပြင်သစ်၊ မော်လ်တာ၊ ဩစတြေးလျ၊ ကနေဒါနှင့် ယူကေတို့က ပါလက်စတိုင်းနိုင်ငံတည်ရှိမှုကို အသိအမှတ်ပြုပေးမည်ဟု ကတိပြုထားကြသည်။
လက်ရှိ ဂါဇာတွင် အစ္စရေးဘက်မှ အလုံးစုံ သိမ်းပိုက်ရန် ထိုးစစ်ဆင်နေမှုအပေါ်တွင်လည်း ဥရောပ ထိပ်သီးနိုင်ငံများစွာက ရှုတ်ချကန့်ကွက်နေသော်လည်း အမေရိကန်သည် အစ္စရေးဘက်တွင်သာ ပြတ်သားခိုင်မာစွာ ဆက်လက်ရပ်တည်ပြနေခြင်းဖြစ်သည်။
ကိုကလင်း
Ref: news.sky
#MeKongNews
#ကုလသမဂ္ဂ
#အမေရိကန်
#ဗီဇာပိတ်ပင်
#ပါလက်စတိုင်း








