မဲခေါင်၊ သြဂုတ် ၁၄
MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးနေပြီး နေအိမ်အများအပြား ရေနစ်မြုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ သြဂုတ်၁၃ရက်ညက မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မြို့နယ်အတွင်းရှိ နေရာများစွာတွင် ရေကြီးမှုများ ဖြစ်ပေါ်နေပြီး အထူးသဖြင့် မြေနိမ့်ပိုင်းဒေသတွင် ရေဘေးအခြေအနေ ပြင်းထန်စွာ ကြုံတွေ့ခဲ့ရသည် ဒေသခံ သတင်းအရင်းအမြစ်က ဆိုသည်။
၎င်းက “လောက်ကိုင်မှာ မကြာသေးမီရက်တွေထဲ ရေကြီးတာ ထပ်ဖြစ်ပြီး နေရာအများအပြားမှာ ရေနစ်မြုပ်နေတယ်။ လမ်းတွေနဲ့ အိမ်တချို့ ရေလျှံနေပြီး ရေက ဆက်ပြီး တိုးနေတယ်။ ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းပြီး သတိထားနေပါတယ်” ဟု မဲခေါင်ကို ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ဆီအော၊ မုန်းပေါ်၊ ကျင်းရှမ်းချိန်မြို့နယ်များတွင် ရေဘေး အခြေအနေ ပြင်းထန်စွာ ကြုံတွေ့ခဲ့ရပြီး (၁၂၅)နယ်စပ်၊ ဟိုင်းဟို၊ ဆီအော၊ ရန်လုံကျိုင်း၊ ဟိုဖျင်မြို့နယ် အပါအဝင် နေရာအနှံ့အပြားတွင် ရေဘေးသင့်ခဲ့ကြောင်း သိရသည်။
ထိုစဉ်က လူ ၃ဦးသေဆုံးသည်ဟု ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်သော်လည်း မြေပြင်တွင် ဆည်ပြိုကျမှုကြောင့် ကျေးရွာ ၃ရွာထိခိုက်ခဲ့ပြီး အိမ်ထောင်စု ၂၀၊ လူဦးရေ ၄၀ ကျော်ပျောက်ဆုံးခဲ့ကြောင်း၊ သေဆုံးသူမှာလည်း အများအပြားရှိကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
၎င်း၏ ပြောကြားသည့် အချက်အလက်မှာ ကိုးကန့်သတင်းစဥ်တွင် မပါရှိခဲ့သလို လက်ရှိ လောက်ကိုင် ရေဘေးအခြေအနေကိုလည်း ကိုးကန့်အုပ်ချုပ်ရေးက သတင်းထုတ်ပြန်ချက် တစုံတရာ ထုတ်ပြန်လာမှု မရှိသေးချေ။
မဟာ
#MeKongNews
#MNDAA
#လောက်ကိုင်
#ရေဘေးသင့်
#ကိုးကန့်သတင်း
#ဆည်ပြိုကျ








