မဲခေါင်၊ ဩဂုတ် ၈
ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ကျားဖြန့်ပုံစံသစ်ဖြင့် လိမ်လည်မှုကွန်ရက်တွင် အလုပ်လုပ်နေသော တရုတ်နိုင်ငံသား ၂ ဦးနှင့် ထိုင်းအမျိုးသမီး တစ်ဦးတို့ကို ဩဂုတ် ၅ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့ ၃ ဦးသည် ချင်းမိုင် လေဆိပ်စျေးဝယ်စင်တာအနီးရှိ TMBThanachart ဘဏ်မှ မသင်္ကာဖွယ်ရာ ဘတ်ငွေ များစွာ ထုတ်ယူခဲ့မှုကြောင့် ထောက်လှမ်းရေးအဖွဲ့မှ လိုက်လံစုံစမ်းကာ စစ်ဆေးရန် ဖူပင်းရဲ စခန်းသို့ ခေါ်ဆောင်စစ်ဆေးခဲ့ခြင်းဖြစ်ကာ ဩဂုတ် ၇ ရက်တွင် ဖမ်းဆီးပြီး အမှုဖွင့်ကြောင်း ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။
၂၉ နှစ်အရွယ် တရုတ်အမျိုးသား မစ္စတာ ကျင်း၊ အသက် ၃၀ အရွယ် တရုတ်အမျိုးသား မစ္စတာဇန် နှင့် အသက် ၄၀ အရွယ် ထိုင်းအမျိုးသမီး ဆူဒါရတ်တို့ကို ဖမ်းဆီးရာတွင် ကျင်းဆိုသူ ကျောပိုးအိတ်ထဲမှ ဘတ်ငွေ ၅၃၀၀၀၀နှင့် ဖုန်းတစ်လုံး၊ ဇန်ဆိုသူ ကျောပိုးအိတ်အတွင်းမှ ဘတ် ၆၁၀၀၀၀ နှင့် ဖုန်း ၃ လုံး သိမ်းဆည်းရမိပြီး ဆူဒါရတ်တွင် သူမအမည်ဖြင့်ဖွင့်ထားသည့် ဘဏ်စာအုပ် ၃ အုပ်၊ ATM ကတ် ၂ ကတ်နှင့် ဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးရာတွင် တရုတ်သူဌေးတစ်ဦးမှ ၎င်းတို့အား အလည်ဗီဇာဖြင့် ထိုင်းသို့ စေလွှတ်ခဲ့ပြီး ဘဏ်များ မှ ငွေများထုတ်ယူခြင်းအလုပ်လုပ်ပေးရန် ခိုင်းစေကြောင်း၊ တစ်ရက်လုပ်ခ ယွမ် ၃၀၀ (၄၂ ဒေါ်လာ) ရ ကြောင်း၊ မတူညီသော ဘဏ်အကောင့်များမှ တစ်နေ့ ၁၀ ကြိမ်ကျော် ငွေများ ထုတ်ယူပြီး ခိုင်းစေသည့် ဘဏ်စာရင်းများထဲသို့ လွှဲပေးရကြောင်း တရုတ် ၂ ဦးမှ ထွက်ဆိုသည်။
ရဲမှူး ကရစ်တာပိုက တရုတ်ကျားဖြန့်လုပ်ငန်းများသည် စနစ်သစ်တစ်ခုအသွင်ပြောင်းသွားကာ တရုတ် ကျားဖြန့်လုပ်သားများက ထိုင်းတွင်နေထိုင်ကာ ထိုင်းနိုင်ငံသားများအား ငွေလွှဲမှုလုပ်နိုင်ရေး ဘဏ် အကောင့်များကို ဖွင့်လှစ်ခိုင်းပြီး ငွေလွှဲခြင်းအတွက် ဘတ် ၅၀၀၀ နှင့် ၁၀၀၀၀ ပေးကြောင်း၊ ထိုသို့ ထိုင်းနိုင်ငံသားများ၏ ဘဏ်အကောင့်များကို အငှားသုံးကာ ထိုမှငွေသွင်းငွေထုတ်လုပ်ပြီး လိုက်မမိ နိုင်သော ကျားဖြန့်ကွန်ရက်များအတွင်း ငွေကြေး စီးဆင်းစေခြင်းဖြစ်သည်ဟု ရှင်းလင်းပြောကြားခဲ့သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ချင်းမိုင်
#ကျားဖြန့်
#တရုတ်နိုင်ငံသား
#လေဆိပ်








