မဲခေါင်၊ ဩဂုတ် ၃
ထိုင်းနိုင်ငံရှိ အမည်မဖော်ပြသော အထင်ကရ ပုဂ္ဂလိက ဆေးရုံတစ်ခုမှ လူနာမှတ်တမ်းစာရွက်စာတမ်းသည် ထိုင်းဒေသတွင်းအခေါ် Khanom Tokyo (တိုကျိုမုန့်) ဟု ခေါ်သော သရေစာမုန့်ထုပ်သည့် စက္ကူအိတ် အဖြစ် အသုံးပြုသည်ကို တွေ့ရှိရပြီးနောက် ယင်းဆေးရုံအား ဒဏ်ငွေ ဘတ် ၁ ဒသမ ၂ သန်းအထိ တပ်ရိုက်လိုက်ကြောင်း သိရသည်။
ဩဂုတ် ၁ ရက်နေ့က ထိုင်းအစိုးရ၏ လူပုဂ္ဂိုလ်များ၏ ကိုယ်ရေးအချက်အလက် ကာကွယ်ရေးကော်မတီ (DPDC) မှ အချက်အလက်ဥပဒေချိုးဖောက်မှုကြီး ၅ ရပ်အတွက် ပြစ်ဒဏ်များ ချမှတ်ခဲ့ရာတွင် ယင်းဆေးရုံကြီးမှ လူနာမှတ်တမ်းများသည် မုန့်ထုပ်သည့် စက္ကူအိတ်များအဖြစ် တွေ့ရှိရသည့် အမှုလည်း ပါဝင်ခဲ့သည်။
စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် ဆေးရုံတာဝန်ခံများက မလိုတော့သည့် စာရွက်စာတမ်းများကို အသေးစား ရှင်းလင်းမှုပြုပေးသည့် လုပ်ငန်းရှင်တစ်ဦးထံ အပ်နှံခဲ့ရာ စိတ်မချရသည့် ဖြစ်ရပ်မှ ယခုလို မုန့်အိတ်များဖြစ်လာရသည်ဟု ဖြေရှင်းပြောဆိုခဲ့သည်။
ယင်းစာရွက်စာတမ်းများ ရှင်းလင်းပေးရန် တာဝန်ယူပေးသူက မိမိအမှားဖြစ်ကာ အိမ်တွင် သိမ်းထားသည့် အချက်အလက်စာရွက်စာတမ်းများ မှားယွင်ပါရှိပေါက်ကြားခြင်းဖြင့် မုန့်ထုတ်သည့် အိတ်များဖြစ်ခဲ့ရသည်ဟု ဝန်ခံခဲ့သည်။
ထို့ကြောင့် DPDC က ပုဂ္ဂလိက ဆေးရုံကြီးအား ဒဏ်ငွေ ဘတ် ၁ ဒသမ ၂၁ သန်း၊ စာရွက်စာတမ်းများ ရှင်းလင်း သိမ်းဆည်းပေးရန် တာဝန်ယူသူအား ဘတ် ၁၆၉၄၀ ပေးဆောင်ရန် ဒဏ်ငွေချမှတ်ခဲ့သည်။
စုံစမ်းစစ်ဆေးမှုအရ ထိုင်းအစိုးရ အေဂျင်စီတစ်ခုသည် ပြည်သူ ၂၀၀၀၀၀ ကျော်၏ ကိုယ်ရေးအချက်အလက်များ ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် ပေါက်ကြားမှု ရှိခဲ့ကြောင်း၊ လုံခြုံရေးစနစ်အားနည်းခြင်း၊ ဝက်ဘ်ဆိုက်များ၏ အပလီကေးရှင်းများအား တာဝန်ယူသည့် Developer များ၏ လုံခြုံရေးစနစ် အားနည်းပေါ့ဆခြင်းများကြောင့် ထိုသို့ ပေါက်ကြားမှုများဖြစ်ကာ အချက်အလက်များကို တရားမဝင် ဝက်ဘ်ဆိုက်ပေါ်တွင် ပယ်ဖျက်လိုပါက မည်မျှပေးရမည်ဟု ကြော်ငြာကာ ရောင်းစားမှုများပင် ရှိခဲ့သေးကြောင်း DPDC က ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းဆေးရုံ
#လူနာမှတ်တမ်း
#ဒဏ်ရိုက်
#တိုကျိုမုန့်








