မဲခေါင်၊ ဇူလိုင် ၃၀
ဇူလိုင် ၂၈ ရက် ည ၁၂ နာရီတိတိတွင် ထိုင်းနှင့်ကမ္ဘောဒီးယားတို့ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့သော်လည်း ထိုတစ်ညလုံး နေရာများစွာ၌ လက်နက်ငယ်များဖြင့် တိုက်ခိုက်မှုများရှိခဲ့သလို ဇူလိုင် ၂၉ ရက် ညည့်ဦးပိုင်းတွင်လည်း ကမ္ဘောဒီးယားဘက်မှ နေရာ ၂ နေရာတွင် စတင်ပစ်ခတ်ရာမှ တိုက်ခိုက်မှု ရှိခဲ့သေးကြောင်း ထိုင်းဘက်မှ ထုတ်ပြန်ခဲ့သည်။
အန်းမနှင့် ဖူမခွာ ၂ နေရာ၌ ထိုင်းဘက်မှ ထိန်းချုပ်ထားသည့် နယ်မြေများကို ကမ္ဘောဒီးယားစစ်သားများ က လက်နက်ငယ်နှင့် လက်ပစ်ဗုံးများသုံးပြီး အပစ်ရပ်စဲမှုကို ချိုးဖောက်ကာ စတင်တိုက်ခိုက်သဖြင့် မိမိ တို့ဘက်မှ ကာကွယ်ပစ်ခတ်မှုများ ပြန်လည်လုပ်ဆောင်ခဲ့ရကြောင်း ဇူလိုင် ၂၉ ရက် ဒေသစံတော်ချိန် ည ၈ နာရီ ၄၅ မိနစ်တွင် ထိုင်းလုံခြုံရေးသတင်းရင်းမြစ်တစ်ခုမှ သတင်းပို့ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲငယ်မှာ ထိုသတင်းမပို့မီ နာရီဝက်ဝန်းကျင်အကြာက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် အမှတ် (၂) စစ်ဒေသ နယ်မြေရှိ ဝပ်ခေးရို၊ ဝပ်အိုင်၊ တာမာရီယာ အရပ်များသို့ ကမ္ဘောဒီးယားတပ်များ စစ်သည်အင်အား တိုးမြှင့်ဝင်ရောက်လာနေသဖြင့် ဒွန်တူရယ်ဘုရားကျောင်းအနီး တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟုလည်း ထိုင်း လုံစစ်တပ်မှ ဆိုသည်။
ကမ္ဘောဒီးယားဘက်ကမူ ဇူလိုင် ၃၀ ရက် မနက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် မိမိတို့ဘက်မှ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ရန် ရည်ရွယ်ချက်မရှိဘဲ ထိုင်းဘက်မှ စွပ်စွဲသည့် စတင်ပစ်ခတ်မှုများလည်း မရှိဟု ထုတ်ပြန်ငြင်းဆိုသွားခဲ့သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းစစ်တပ်
#ကမ္ဘောဒီးယား
#အပစ်အခတ်ရပ်စဲရေး
#ချိုးဖောက်








