မဲခေါင်၊ ဇူလိုင် ၂၈
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ မြို့တွင်းရှိ ရပ်ကွက်တချို့ ရေကြီးနေကြောင်း ဇူလိုင်လ ၂၈ ရက်နေ့တွင် ဒေသခံများထံမှ သိရသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းတွင် ကလောချောင်းရေသည် မြင့်တက်လာသဖြင့် ရပ်ကွက်အချို့ ရေကြီး နစ်မြှုပ်နေသလို ကလောမြို့နယ်ခန်းမ၊ ကလောဘူတာရုံ အနီး နှင့် အထက ၁ အထက်တန်းကျောင်းတို့တွင်လည်း ရေကြီးရေလျံနေပြီး ထပ်မံ မြင့်တက်လာနေဆဲဖြစ်ကြောင်း၊ ချောင်းဘေးတလျှောက် ရေဘေးသင့်နေရာများရှိ ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း ဒေသခံများက ဆိုသည်။
ခရီးသွားဧည့်သည်အလာများသည့် ကလောမြို့သည် တောင်ပေါ်မြို့ ဖြစ်သော်လည်း နှစ်စဉ် ရေကြီးရေလျံသည့် လက္ခဏာကို ကြုံတွေ့လာနေရကြောင်း ဒေသခံအချို့က ဆိုသည်။
“တောင်ပေါ်မြို့လေး ဆိုပေမယ့် နှစ်စဉ် ရေတက်နေတော့ လမ်းဘေးမြောင်းတွေ ပိုလုပ်ဖို့လိုနေပြီ ထင်ပါတယ်” ဟု ခရီးသွားဧည့်သည်တစ်ဦးက ဆိုသည်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျံ ဖြစ်ပေါ်နေရခြင်းဖြစ်ပြီး မိုးဆက်လက်ရွာသွန်းပါက ကလောချောင်းရေမှာ ထပ်မံ မြင့်တက်လာနိုင်သည့်အခြေအနေတွင် ရှိနေသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလက ကလောမြို့ ရေကြီးရေလျံမှုကြောင့် လူသေဆုံးမှုများရှိခဲ့သည်။
ဖေသန်း
#MeKongNews
#ကလော
#ရေကြီးမှု
#ရေဘေးသင့်
#အရေးပေါ်အခြေအနေ
#ကလောရေကြီးမှု
ဓါတ်ပုံ – Zarchi Kalaw








