မဲခေါင်၊ ဇူလိုင် ၂၆
လက်ရှိ ထိုင်းကာကွယ်ရေးဝန်ကြီးလည်းဖြစ် ယာယီ ဝန်ကြီးချုပ်လည်းဖြစ်သော ဖမ်သမ်ဝီချာယာချိုင်က ကမ္ဘောဒီးယားဘက်မှ စွပ်စွဲထားသလို တိုက်ပွဲအတွင်း ကလက်စတာဗုံးများအသုံးပြုနေသည်ဆိုခြင်းအား ငြင်းပယ်ခြင်းလည်းမပြု ဝန်ခံခြင်းလည်း မပြုသော်လည်း ထိုင်းသည် အမေရိကန်နှင့် ရုရှားတို့ကဲ့သို့ပင် Convention on Cluster Munitions (CCM) တွင် လက်မှတ်ထိုးထားသောနိုင်ငံ မဟုတ်သောကြောင့် ရန်သူ၏ စစ်ရေးပစ်မှတ်များအား ကလက်စတာဗုံးများ အသုံးပြု တိုက်ခိုက်ခွင့်ရှိသည်ဟု ဇူလိုင် ၂၅ ရက်၌ ရှင်းလင်း ထုတ်ပြန်ခဲ့သည်။
မိမိတို့အား ကမ္ဘောဒီးယားဘက်မှ ဦးစွာ စတင်ပစ်ခတ်တိုက်ခိုက်သည့် သက်သေများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ အစီရင်ခံတင်ပြထားပြီးဖြစ်ကာ ကမ္ဘောဒီးယားနှင့် နှစ်နိုင်ငံ စစ်ပွဲအသွင်လည်း မဟုတ်ဘဲ နယ်စပ်တိုက်ပွဲဖြစ်ခြင်းမျှသာဖြစ်ကြောင်း၊ ရန်သူဘက်မှ မိမိတို့ပြည်သူနှင့် အရပ်သား ပစ်မတ်များအား ပစ်ခတ်တိုက်ခိုက်လာမှုတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုအဖြစ် ရန်သူ တိုက်ခိုက်ရာ စစ်ရေးပစ်မှတ်များကို ဖျက်ဆီးရန် ကလက်စတာဗုံးများ လိုအပ်လျှင် အသုံးပြုရမည်ဟုပါ ဖမ်သမ်က ဆိုခဲ့သည်။
ကမ္ဘောဒီးယားဘက်မှသာ စစ်ရာဇဝတ်မှုများကို ကျူးလွန်ကာ ထိုင်းနယ်နိမိတ်အတွင်း ၂၀ ကီလိုမီတာ အထိ အရပ်သားပြည်သူ ၁၃ ဦး သေဆုံးသည် အထိ အရပ်သားပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း ဖမ်သမ်က စွပ်စွဲခဲ့သည်။
လက်ရှိတွင် နယ်စပ်ဒေသတစ်လျှောက် တိုက်ပွဲကြောင့် ထိခိုက်သေဆုံးသူများရှိကာ စစ်ရှောင်များလည်း သောင်းသိန်းချီလာပြီဖြစ်သောကြောင့် နစ်နာသူများအတွက် ထောက်ပံ့မှုများပေးရန်လည်း စီစဉ်နေပြီး သေဆုံးသူ တစ်ဦးအတွက် မိသားစုအား ဘတ် တစ်သန်း၊ မသန်စွမ်းဖြစ်စေသည်အထိ ဒဏ်ရာရ သူတစ်ဦးအတွက် ဘတ် ၇သိန်း၊ ဒဏ်ရာများစွာ ပြင်းထန်စွာရရှိသူအတွက် ဘတ် ၂သိန်းနှင့် သာမန် ဒဏ်ရာရသူအတွက် ဘတ် တစ်သိန်း ထောက်ပံ့ပေးအပ်မည်ဖြစ်သလို လေကြောင်းလိုင်း အားလုံးကိုလည်း ကမ္ဘောဒီးယားမှ ထိုင်းနိုင်ငံသားများအား နိုင်ငံသို့ ပြန်ခေါ်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း ဖမ်သမ်ဝီချာယာချိုင်က ထုတ်ပြန်ပြောဆိုသွားခဲ့သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#ကလက်စတာဗုံး
#ကမ္ဘောဒီးယား
#စစ်ရာဇဝတ်မှု








