မဲခေါင်၊ ဇူလိုင် ၂၃
ရုရှားသမ္မတ ပူတင်၏ တက္ကသိုလ်တွင် အတူကျောင်းနေဘက်ဖြစ်ခဲ့သော ရုရှားနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး တရားလွှတ်တော်ချုပ် ဥက္ကဌ အိုင်ရီနာပေါ့နိုဆိုဗာသည် အသက် ၇၁ နှစ်အရွယ်တွင် ရုတ်တရက်သေဆုံးသွားခဲ့ကာ ရုရှားမီဒီယာများက ကင်ဆာရောဂါကြောင့် နာမကျန်းဖြစ်ပြီး ဆုံးပါးသွားသည်ဟုသာ ဖော်ပြသော်လည်း သမားရိုးကျ သေဆုံးခြင်းမဟုတ်ဟု ယူကရိန်းမီဒီယာများက သုံးသပ်နေကြသည်။
ရုရှားအစိုးရ ဝါဒဖြန့် မီဒီယာချန်နယ်တစ်ခုတွင် ပေါ့နိုဆိုဗာသေဆုံးခြင်းမှာ ပြင်းစွာ နာမကျန်းဖြစ်ခြင်း ကြောင့်ဟု ဖော်ပြခဲ့သော်လည်း ထိုသတင်းနိဂုံးချုပ်၌ ကရင်မလင်နန်းတော်အတွင်းရေးများ သိလွန်းပါက ထိုသို့သောသူများ ဆက်တိုက် သေဆုံးကြရမည်ဟု ဖော်ပြခဲ့သဖြင့် ထူးဆန်းသော သေဆုံးမှုဟု ယူကရိန်းမီဒီယာများက ယူဆနေကြခြင်းဖြစ်သည်။
ဆိုဗိယက်ခေတ်က ပူတင်နှင့် ပေါ့နိုဆိုဗာတို့သည် လီနင်ဂရက်တက္ကသိုလ်တွင် ဥပဒေဘာသာရပ်အား တစ်တန်းတည်းအတူတက်ရောက်ခဲ့ကြသော ကျောင်းနေဘက်များဖြစ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဧပြီလက ပူတင်၏ ထောက်ခံချက်ကြောင့် ပထမဆုံးသော တရားလွှတ်တော်ချုပ် ဥက္ကဌ ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ရုရှားတွင် နိုင်ငံ ထိပ်တန်းခေါင်းဆောင်များ၊ ခရိုနီများ ထူးဆန်းစွာဖြင့် ဆက်တိုက်သေဆုံးနေပြီး ပေါ့နိုဆိုဗာမတိုင်မီ ၆၂ နှစ်အရွယ် ရုရှားအစိုးရပိုင် ကမ္ဘာ့အကြီးမားဆုံး ရေနံပိုက်လိုင်းကုမ္ပဏီ Transneft မှ ဒုတိယ ဥက္ကဌ အန်ဒရေးဘာဒါလော့ဗ်လည်း မော်စကို နေထိုင်ရာ မိုးမျှော်တိုက် ၁၇ လွှာမှ ပြုတ်ကျသေဆုံးခဲ့ပြီး မသေမီ သေတမ်းစာပင် ရေးသားခဲ့သဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုဟုသာ ရုရှား ဝါဒဖြန့်မီဒီယာများက ရေးသားဖော်ပြခဲ့ကြသေးသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#တရားသူကြီးချုပ်
#ပူတင်
#ကျောင်းနေဘက်








