မဲခေါင်၊ ဇူလိုင် ၁၅
ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေသလို ဥရောပနိုင်ငံများကိုပါ သိမ်းပိုက်ရန် ခြိမ်းခြောက်နေသည့် ပူတင်အပေါ် အနောက်နိုင်ငံများ ထားရှိသည့် သဘာထားမူဝါဒများ ပြောင်းလဲရမည်ဖြစ်ကာ ထာ၀ရ စစ်ပွဲမဖြစ်လိုလျှင် ပူတင်အား ကျားကန်ထောက်ပံ့ပေးနေသည့် မကောင်းဆိုးဝါးမဟာမိတ်များကို ချေမှုန်းဖြတ်တောက်နိုင်မှ ဖြစ်မည်ဟု အမေရိကန် ဗိုလ်ချုပ်ဟောင်း ဘန်ဟော့ဂျ်က သတိပေး ပြောဆို သွားခဲ့သည်။
၂၀၂၂ ခုနှစ်ဖေဖော်ဝါရီတွင် ရုရှားသည် ယူကရိန်းနယ်မြေထဲ စတင်ကျူးကျော်စစ်ဆင်နွှဲခဲ့ပြီး ထိုနှစ် ဒီဇင်ဘာတွင် ရုရှားပိုင်ဆိုင်ထားသည့် ဒုံးကျည်များ ကုန်ခမ်းသွားမည်ဟု ကြိုတင်တွက်ဆခဲ့ကြသည်။
သို့သော် စစ်ပွဲ ၃ နှစ်တာဆင်းနွှဲပြီးချိန် ယနေ့အထိ ရုရှားဒုံးကျည်နှင့်ဒရုန်းများ မကုန်ခမ်းသွားသည့် အပြင် တစ်နေ့ ဒုံးကျည်နှင့်ဒရုန်း အလုံး ၁၀၀၀ ဝန်းကျင်အထိပင် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်လာရာ အနောက်နိုင်ငံများအနေဖြင့် ရုရှားတစ်နိုင်ငံတည်းကို ရန်သူအဖြစ် ရှုမြင်နေသည့် သဘောထား ပြောင်းလဲပြီး ရုရှားအတွက် လက်နက်များစွာ မကုန်ခမ်းနိုင်စေရန် ထောက်ပံ့ပေးနေသည့် မကောင်းဆိုးဝါး မဟာမိတ်နိုင်ငံများကို ဦးတည်တိုက်ဖျက်ခြင်းကသာ စစ်ကို ရပ်တန့်သွားစေနိုင်မည်ဟု ဘန်ဟော့ဂျ်က ပြောသည်။
ရုရှားအတွက် မြောက်ကိုရီးယားစစ်သားများ ဝင်ရောက်တိုက်ခိုက်နေခြင်း၊ ဒုံးကျည်နှင့် လက်နက်ကြီး ကျည်များပေးနေခြင်း၊ တရုတ်စစ်သားအနည်းငယ် ရုရှားဘက်မှ ဝင်တိုက်နေသည်ကို သိရခြင်း၊ တရုတ် သည်လည်း ရုရှားအတွက် လိုအပ်သော လက်နက်များ နောက်ကွယ်မှ ပေးနေခြင်းဖြစ်နိုင်သလို အီရန် သည်လည်း ရုရှား၏ မဟာမိတ်အဖြစ် ဒုံးကျည်နှင့် ဒရုန်းများစွာကို ဆက်တိုက်ပေးအပ်နေသည်မှာ ထင် ရှားကြောင်း၊ ရုရှားစစ်တပ်သီးသန့်ဆိုလျှင် အဆင့် သိပ်မြင့်မားလှသည်မဟုတ်ဘဲ မကောင်းဆိုးဝါး မဟာမိတ်များကြောင့်သာ ဥရောပကို ခြိမ်းခြောက်နေနိုင်ခြင်းဖြစ်ကာ ထိုကွင်းဆက်ကို မဖြတ်တောက် နိုင်လျှင် ထာ၀ရ စစ်ပွဲဆင်နွှဲနေရမည်သာဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။
မကောင်းဆိုးဝါးမဟာမိတ်များကို ဖြတ်တောက် နိုင်ရေးတွင် စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေးများဖြင့်ပါ တိုက်ခိုက်သွားရမည်ဖြစ်ကြောင်း၊ ပူတင် သည် သတ်ဖြတ်လိုသူပေါင်း များစွာရှိနေသဖြင့် ရုရှားခေါင်းဆောင်ရာထူးကို သေမှ စွန့်လွှတ်မည့်သူ ဖြစ်ကာ လက်ရှိကျန်းမာရေးအရ နောက် ၁၀ နှစ်အထိ ဆက်ရှိနေဦးမည်ဟု ဗိုလ်ချုပ် ဘန်ဟော့ဂျ်က သုံးသပ် ပြောဆိုသွားခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#မကောင်းဆိုးဝါးမဟာမိတ်
#မြောက်ကိုရီးယား
#ဥရောပ








