မဲခေါင်၊ ဇူလိုင် ၁၂
ဧပြီလအတွင်းက ယီမင်နိုင်ငံအတွင်းရှိ အီရန်ထောက်ပံ့ ဟူသီအဖွဲ့ စစ်ရေးပစ်မှတ်များသို့ ၄၄ ရက် အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၀၀ ကျော် လုပ်ဆောင်ခဲ့သဖြင့် ရာချီသော ဟူသီသူပုန်နှင့် တပ်မှူးများ သေဆုံးခဲ့သည်ဟု အမေရိကန်ကြေညာခဲ့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပင်လယ်နီ အတွင်း ကုန်တင်သင်္ဘော ၂ စီးကို ဖောက်ခွဲဖျက်ဆီးနှစ်မြှုပ်သည့် ရုပ်သံများကို ဟူသီအဖွဲ့က ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ပြန်ကာ အမေရိကန်ကို ထပ်မံ စိန်ခေါ်ခဲ့သည်။
ဂရိပိုင် Eternity C ကုန်တင်သင်္ဘောအား သေနတ်များဖြင့်ပစ်ခတ်ခြင်း၊ ပေါက်ကွဲစေသော ဒရုန်းများ ဖြင့် စီးနင်းတိုက်ခိုက်နှစ်မြှုပ်ခဲ့ရာ အနည်းဆုံး သင်္ဘောပေါ်လိုက်ပါသူ ၄ ဦးသေဆုံးခဲ့ပြီး နောက်ထပ် Magic Seas အမည်ရ ဧရာမ ကုန်တင်သင်္ဘောကြီးကိုလည်း ဇူလိုင် ၆ ရက်က ဒရုန်းမော်တော်ဘုတ်များ၊ ခရုဇ်ဒုံးကျည်နှင့် အခြားဒုံးကျည်များဖြင့် ပစ်ခတ်ဖောက်ခွဲ နှစ်မြှုပ်ခဲ့သည့် ဗီဒီယိုမှတ်တမ်းများကို ထုတ်ပြန်ကာ အမေရိကန် သင်္ဘောများမိမိတို့ ပိုင်နက် ပင်လယ်နီမှ ဖြတ်လျှင်အကုန် ဖောက်ခွဲတိုက် ခိုက်ရမည်ဖြစ်ကြောင်း၊ အမေရိကန်နှင့် မဟာမိတ်နိုင်ငံများမှ သင်္ဘောများလည်း တိုက်ခိုက်ကာ လက်စားချေသွားမည်ဟု ဟူသီတပ် အကြီးအကဲမှ ရုပ်သံ မိန့်ခွင့်ပင် ပြောဆိုစိန်ခေါ်သွားခဲ့သည်။
Eternity C သင်္ဘောကြီးသည် ၃ ရက်ကြာ တိုက်ခိုက်ခံရပြီးမှ ဇူလိုင် ၉ ရက်တွင် အလုံးစုံ နစ်မြုပ်သွား ခြင်းဖြစ်ကာ ရုပ်သံမှတ်တမ်းများတွင် သင်္ဘောသားများ အသက်ကယ်ဝတ်စုံများဖြင့် နစ်မြုပ်သင်္ဘော ဘေး ရေပေါ် ကူးခတ်နေသည်ကိုလည်း တွေ့ရသည်။
ဥရောပသမ္မဂ ရေတပ်မစ်ရှင် ထုတ်ပြန်မှုအရ Eternity C သင်္ဘောပေါ်တွင် လိုက်ပါသူ သင်္ဘောသား ၂၂ ဦးအပါ စုစုပေါင်း ၂၅ ဦးပါဝင်ကြောင်း၊ သင်္ဘောသား အနည်းဆုံး ၄ ဦးသေဆုံးကာ ၆ ဦးကိုသာ အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့ကြောင်း၊ ၂၁ ဦးမှာ ဖိလစ်ပိုင်သား သင်္ဘောသားများဖြစ်ပြီး ရုရှား တစ်ဦးနှင့် လုံခြုံရေးအဖွဲ့ဝင် ၃ ဦးပါဝင်ကာ ပျောက် ဆုံးနေသူများကို ပြန်ပေးဆွဲသွားခြင်းဖြစ်နိုင်သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
ယီမင်ရှိ အမေရိကန်သံရုံးက ဖမ်းဆီးပြန်ပေးဆွဲသူများကို အကြောင်းပြချက်မရှိ ဘေးကင်းစွာပြန်လွှတ် ပေးရန်တောင်းဆိုကြောင်းနှင့် ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးအတွက် အရေးပါသည့် ပင်လယ်နီတွင် ယခုလို အကြမ်းဖက်မှု အန္တရာယ်များ ကြီးထွားလာခြင်းရန်စွယ်များကို ဖြတ်တောက်ရမည်ဟု ထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဟူသီသူပုန်
#ယီမင်နိုင်ငံ
#သင်္ဘော
#အမေရိကန်








