မဲခေါင်၊ ဇူလိုင် ၉
ရုရှားစစ်တပ်၏ မဟာဗျူဟာလက်နက်တစ်ခုဖြစ်သော AI စနစ်သုံး ၆ တန် ဒရုန်းစမ်းသပ်မောင်းနှင့်စဉ် လေကြောင်းလမ်းညွှန်မှုစနစ်ချို့ယွင်းချက်ကြောင့် နေအိမ်တစ်လုံးပေါ်သို့ ပျက်ကျပေါက်ကွဲခဲ့သည်။
တောင်ပံ အရှည် ၉၄ ပေ ရှိကာ မိုင် ၆၂၀၀ ပျံသန်းနိုင်စွမ်းရှိသည့် ကင်းထောက်နှင့် တိုက်ခိုက်ရေး ဒရုန်း Altius ဒရုန်းမှာ ခါဆွန်မြို့ ဂေါ်ဘူနော့ဗ်လေကြောင်းစက်ရုံမှ စတင်ပျံသန်းပြီး ၁ မိုင်ပင်မရောက်သေးဘဲ နေအိမ်ပေါ်ပျက်ကျကာ မီးလောင်ပေါက်ကွဲသွားသည့် ရုပ်သံမှတ်တမ်းများ ပျံ့နှံ့ခဲ့ပြီး လူထိခိုက်သေဆုံး မှု မရှိခဲ့ကြောင်း ဒေသတွင်း သတင်းများက ဆိုသည်။
ကြီးမားလှသည့် ဒရုန်းများကို ရုရှားစစ်တပ်သည် ၂၀၂၁ ခုနှစ်ကတည်းက စမ်းသပ် ထုတ်လုပ် နေခဲ့ပြီး ယူကရိန်းစစ်မြေပြင်တွင်မူ ထိုသို့သော ဒရုန်းများဖြင့် တိုက်ခိုက်သည်ကို မတွေ့ရှိရသေးပေ။
ရုရှားသည် ဇွန်လနှောင်းပိုင်းမှ စတင်ပြီး ယူကရိန်းကို ဒရုန်းနှင့် ဒုံးကျည်အင်အား များစွာဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေရာ ဇွန် ၁ ရက်၌ ဒရုန်းနှင့် ဒုံးကျည် ၄၇၉ လုံး၊ ဇွန် ၉ ရက်တွင် ၄၉၉ လုံး၊ ဇွန် ၂၉ ရက်တွင် ၅၃၇ လုံး၊ ဇူလိုင် ၄ ရက်တွင် ၅၅၀ လုံးဖြင့် အရှိန်မြှင့်တင်တိုက်ခိုက်ခဲ့ကာ မကြာမီ တစ်နေ့ ဒရုန်းနှင့်ဒုံးကျည် ၁၀၀၀ အသုံးပြုတိုက်ခိုက်ရန် စီစဉ်နေကြောင်းလည်း သိရသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ဒရုန်း
#ပေါက်ကွဲမှု








