မဲခေါင်၊ ဇူလိုင် ၃
အစ္စရေး-အီရန် စစ်ပွဲအတွင်း သေဆုံးသွားခဲ့ရသည့် အီရန်စစ်ဗိုလ်ချုပ်များ၊ နျူကလီးယားပညာရှင်များနှင့် ပြည်သူများအတွက် ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် စစ်ကောင်စီ လက်အောက်ခံ သံအမတ်က လက်မှတ်ရေးထိုးခဲ့သည်။
၁၂ ရက်ကြာ မြင့်သည့် အစ္စရေး နှင့် အီရန်စစ်ပွဲသည် အမေရိကန်၏ ဖျက်အားပြင်းဗုံး ကြဲချမှုအပြီး အပစ်အခတ် ရပ်ဆဲခဲ့ကြသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးမှ ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အီရန်နိုင်ငံတွင် သေဆုံးသွားသည့် အီရန်စစ်ဘက်ရေးရာ အဆင့်မြင့်အရာရှိကြီးများ၊ နျူကလီးယားသိပ္ပံပညာရှင်များနှင့် ပြည်သူများ အသက်ဆုံးရှုံးခဲ့သည့်အတွက် ဇူလိုင်လ ၁ရက်နေ့ ညနေ ၄ နာရီခန့်တွင် နယူးဒေလီမြို့ရှိ အီရန်သံရုံးသို့ သွားရောက်၍ ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည် ဟု ဆိုသည်။
အီရန်သည် ၂၀၂၁ ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ စ၍ လိုအပ်သည့် ငွေကြေးစက္ကူရိုက်ထုက်ရန် ပစ္စည်းများ၊ စစ်လက်နက် ပစ္စည်း နှင့် အထောက်အကူပစ္စည်းများ၊ နည်းပညာများကို လေကြောင်းမှ တဆင့် တင်ပို့ရောင်းချကာ ပံပိုးကူညီမှုများ ရှိခဲ့သည်။
၁၂ ရက်ကြာ အစ္စရေး -အီရန် စစ်ပွဲကြောင့် အီရန်စစ်ဗိုလ်ချုပ်များ၊ နျူကလီးယားပညာရှင် ၆၀ ခန့် သေဆုံးခဲ့သည် ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။
ဖေသန်း
#MeKongNews
#စစ်ကောင်စီ
#အီရန်
#နျူကလီးယားပညာရှင်
#ဝမ်းနည်း








