မဲခေါင်၊ ဇွန် ၂၄
အစ္စရေးနှင့်အီရန်တို့ ၁၂ ရက်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြပြီးနောက် အပစ်အခတ်ရပ်စဲရန် အလုံးစုံ သဘောတူညီမှုရရှိပြီး ၂၄ နာရီအတွင်း ပြီးပြတ်မည်ဟု ဒေါ်နယ်ထရမ့်က ဇွန် ၂၄ ရက်မြန်မာ စံတော်ချိန် မနက်အစောပိုင်း၌ ထုတ်ပြန်ပြောဆိုသွားခဲ့သည်။
ထိုသို့မကြေညာမီ မိနစ်ပိုင်းမှာပင် အီရန်မြို့တော် တီဟီရန်၌ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် ပေါက်ကွဲသံများ ဆူညံနေခဲ့သလို ထိုမတိုင်ခင် အချိန်ပိုင်းတွင် အီရန်က အမေရိကန် စစ်သည် ၁၀၀၀၀ အခြေချနေထိုင်ရာ ကာတာနိုင်ငံရှိ အယ်လ်ယူဒိတ်အမေရိကန်လေတပ်အခြေစိုက်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့သေးသော်လည်း ထို့နောက်ပိုင်း မည်သူ့ဘက်ကမှ ဆက်လက်တိုက်ခိုက်ခြင်းမရှိ တော့ကြောင်းနှင့် အစ္စရေး-အီရန်စစ်ပွဲသည် ၁၂ ရက်တာနှင့် ပြီးဆုံးခဲ့ပြီဟု ထရမ့်က ကြေညာသွားခဲ့ ခြင်းဖြစ်သည်။
ထိုကြေညာချက်တွင် ထရမ့်က အားလုံးအတွက် ဂုဏ်ပြုပါကြောင်း၊ အစ္စရေးနှင့် အီရန်ကြား အပစ် အခတ်ရပ်စဲရေး အလုံးစုံ သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း၊ အီရန်ဘက်မှ စတင်ပြီး အပစ်အခတ် ရပ်စဲကာ ထိုအခြေအနေကိုချင့်တွက်ပြီး အစ္စရေးဘက်မှ နောက် ၁၂ နာရီအကြာတွင် သဘောတူညီချက်ကို လက်ခံမည်ဖြစ်ကာ ၁၂ ရက်တာ စစ်ပွဲသည် ၂၄ နာရီအတွင်း အလုံးစုံ ပြီးဆုံးသွားတော့ မည်ဟု ဆိုခဲ့သည်။
ငြိမ်းချမ်းရေးအတွက် ပါဝင်ခဲ့ကြသည့် နိုင်ငံအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း၊ အမေရိကန် လေတပ်အခြေစိုက်စခန်းအား အီရန် မပစ်ခတ်မီ ကြိုတင် အသိပေးခဲ့သည့်အတွက် ပစ်သမျှ ဒုံးကျည်အားလုံးကို ဖျက်ချနိုင်သလို သေကြေဒဏ်ရာရမှုလည်း မရှိသောကြောင့် အီရန်ကိုလည်း ကျေးဇူးတင်ကြောင်း၊ အစ္စရေးနှင့်အီရန် စစ်ပွဲသည် နှစ်ချီကြာမြင့်နိုင်သလို အရှေ့ အလယ်ပိုင်းဒေသတစ်ခုလုံး ဖျက်ဆီးခံရမည့်အရေးရှိနေခဲ့သည့်ကြားမှ ယခုလို ရပ်တန့်နိုင်ခဲ့ခြင်း အတွက် အစ္စရေး၊ အီရန်၊ အရှေ့အလယ်ပိုင်း၊ အမေရိကန် နှင့် တစ်ကမ္ဘာလုံး အတွက် ဘုရားသခင် ကောင်းချီး ပေးခြင်းဖြစ်သည်ဟု ထုတ်ပြန်သွားခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချိုင်က မိမိတို့အား နောက်မနက် ၄ နာရီနောက်ပိုင်း ထပ်မံ ပစ်ခတ်တိုက်ခိုက်မှု မလုပ်တော့လျှင် တရားမဝင် မိမိတို့အား တိုက်ခိုက်ခဲ့သော်လည်း အစ္စရေးအား ပစ်ခတ်မှုများ ရှိတော့မည်မဟုတ်ကြောင်း၊ မည်သည့်အခါမှလည်း အမေရိကန်အခြေစိုက် စခန်းများ ကို တိုက်ခိုက်လိုစိတ် မရှိခဲ့ကြောင်း၊ သို့သော် အမေရိကန်ဘက်မှ အနာဂတ်တွင် မိမိတို့အား ထပ်မံ တိုက်ခိုက်လာပါကမူ တုံ့ပြန်ရန် အသင့်ရှိနေသည်ဟု ထုတ်ပြန်ခဲ့သည်။
သို့သော် မြေပြင်တွင်မူ အီရန်မှ အစ္စရေးကို ဒုံးကျည်များဖြင့် ဆက်လက်ပစ်ခတ်နေဆဲဖြစ်ကြောင်း၊ ပဥ္စမမြောက်လှိုင်းတွင် အီရန်ဘက်မှ ပစ်ခတ်သည့် ဒုံးကျည်အရေအတွက် သိသိသာသာများပြားလာကြောင်း၊ ဒုံးကျည်ပစ်ခတ်မှုကြောင့် အစ္စရေးအရပ်သားများ ထိခိုက်မှုရှိကြောင်း အစ္စရေးစစ်ဘက်က ပြောဆိုထားသည်။
Times မဂ္ဂဇင်း၏ အစ္စရေးတာဝန်ခံကလည်း အစ္စရေးအာရုံတက်ချိန်၌ အရပ်သားအဆောက်အဦတစ်ခုကို အီရန်၏ မစ်ဇိုင်းဒုံးကျည်လာရောက်ထိမှန်သည့် ဗီဒီယိုကို တင်ထားသည်။
အမေရိကန် ဒုသမ္မတ ဒီဂျေဗန်စီကမူ ယခုလို စစ်ပွဲ အဆုံးသတ်စေရန် စွမ်းဆောင်ပေးနိုင်ခဲ့သော သမ္မတ ဒေါ်နယ်ထရမ့်အား ဂုဏ်ပြုလေးစားမိကြောင်းနှင့် အမေရိကန်၏ တိုက်ခိုက်ဖျက်ဆီးခဲ့မှု ကြောင့် အီရန်သည်လည်း နောက်ထပ် နျူကလီးယားလက်နက်ထုတ်လုပ်နိုင်ရေး အဆောက်အအုံများ မရှိတော့ဟု Fox News သို့ ပြောသွားခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#အီရန်
#အစ္စရေး
#ငြိမ်းချမ်းရေး
#ဒေါ်နယ်ထရမ့်








